အုတ်တွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံလို့ ​ခြောက်ယောက်သေဆုံး



ဇန်နဝါရီ ၁၉ – ၂၀၂၅
GG (VOM)



ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။



“ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဒေသခံကပြောပါတယ်။



အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ရှမ်းရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွေး ခေါ်ကိုမောင်ဆိုသူဖြစ်ကြောင်း ၊အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ သံတိုင်ခင်ရွာကနေပြန်လာချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။



အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊အူစီ (၁)လက်နဲ့အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက် လက်ပစ်ဗုံး (၁)လုံး၊ဓါးမြှောင်(၂)ချောင်း ရရှိခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်ထားပါတယ်။



ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် နစကနဲ့ပူးပေါင်းဆောင်ရွက်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အသိပေးမှုအရသိရပါတယ်။



ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။



ဒီဇင်ဘာလ ၂၂ ရက်နေ့က အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီးမှာ လုံခြုံရေးယူထားတဲ့ နစကတပ်ဖွဲ့ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရပြီးသေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့သိရပါတယ်။



ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နဲ့ ထွေ/အုပ်ရုံးမှာ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW