ဇန်နဝါရီ ၂၂ – ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့မှာ ဒီနေ့ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ နောင်ချိုမြို့ရဲစခန်းအနီးကို လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ ဗုံးကလက်ဘက်ရည်ဆိုင်ပေါ်ကိုကျပြီး လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” လေယာဥ်ခုမနက်ဗုံးထပ်ကြဲပါတယ်။ကြဲတာတော့ရဲစခန်းကိုကြဲတာဖြစ်နိုင်ပေမယ့် ပါရမီလက်ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကျတာ ။ဆိုင်ကဈေးအရှေ့ဘက် ၊ရဲစခန်းအနောက်ဖက်၊ ဂေါ်ရခါးဘုရားကျောင်းဘေးကဆိုင်ပါ။သေတဲ့အထဲ လက်ဖက်ရည် ဆိုင်ရှင်လင်မယားလည်းပါတယ်။သူတို့အပါ သေတာကလောလောဆယ်သိရတာရှစ်ယောက်ပေါ့။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်သိရတယ်။ပြင်ဦးလွင်ဘက်ကနေလည်းလက်နက်ကြီးပစ်ခတ်မှုရှိနေတယ်။” လို့ ဒေသခံကပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိနေပြီး ထိခိုက်သူအရေအတွက်အ တိအ ကျမသိရှိရသေးဘူးလို့ဆိုပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နောင်ချိုမြို့ကိုထိန်းချုပ်နေတဲ့ TNLA ကလည်း လေကြောင်းဗုံးကြံခံရတာမှန်ကြောင်း၊ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းထုတ်ထပေမယ့် အခြေအနေအသေးစိတ်ကိုထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
မနေ့ကဇန်နဝါရီ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်က စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးလူနှစ်ယောက်သေကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နစကဘက်ကတော့ နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်းနောင်ချိုမြို့၊ စျေးရပ်ကွက် နယ်မြေ ၁၀ ထဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရပြီး လူခြောက်ယောက်ဒဏ်ရာရပြီး အိမ်ခြောက်လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလထဲမှာလည်း နောင်ချို့မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး လူသုံးယောက်သေကာ သုံးယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်၁၇လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလထဲမှာလည်း နောင်ချိုမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အဆောက်အဦး တွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
Photo – CJ