ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေ မပိတ်ပေမယ့် ခရီးသွားလာသူနည်းပါး

ဇန်နဝါရီ ၂၈ – ၂ဝ၂၄
KKO(VOM)
ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေ မပိတ်သော်လည်း လက်ရှိကာလမှာ ခရီးသွားလာသူတွေကတော့နည်းပါးနေဆဲဖြစ်တယ်လို့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ ဒေသခံတွေထံကနေ သိရပါတယ်။
“ငွေဆောင်ဘက်က ဘာမှမဖြစ်ဘူး။ဧည့်သည်တွေလည်းရှိနေတယ်။ဟိုတယ်တွေလည်း ဖွင့်ထားတယ်။သို့သော် သတင်းတွေကြောင့်တော့ ဧည့်သည်တွေက အရင်ထက်စာရင်အခုကာလမှာပါးသွားတာပေါ့။ အရင်ထက်လာတာနည်းသွားတာပေါ့။ဒါလေးတခုပါပဲ၊ကမ်းခြေက ဖွင့်ထားပါတယ်။ငွေဆောင်အခြေအနေက ဒီနေ့အထိ ကောင်းပါတယ်။ဘာမှမဖြစ်ပါဘူး။လာလည်လို့လည်းရပါတယ်။ပုသိမ် – ငွေဆောင်လမ်းလည်း မပိတ်ထားပါဘူး။ဖွင့်ထားပါတယ်။ငွေဆောင်က အခုဖြစ်နေတဲ့ နေရာနဲ့လည်း ဝေးပါတယ်။ ချောင်းသာဘက်ကတော့လုံးလုံးဧည့်သည် မရှိဘူးပြောတယ်။ခရီးသွားတွေက ကြောက် လန့်ပြီး ချောင်းသာဘက်ကို မသွားရဲကြတော့တာပေါ့။ငွေဆောင်ဘက်မှာတော့ ခရီးသွားအနည်းငယ်ရှိသေးတယ်။ငွေဆောင်ကားလိုင်းတွေလည်းထွက်တယ်။အရင်လိုအများကြီးမဟုတ်တာတောင် တနေ့ကို ကား ငါးစီးထွက်နေရမယ့်နေရာမှာ ကား သုံးစီးလောက်ပေါ့၊ငွေဆောင်ကနေ ထွက်ပေးနေတယ်။ဒီနေ့အထိတော့ ငွေဆောင်အခြေအနေ ကောင်းပါတယ်”လို့ ငွေဆောင်ဒေသခံ တယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် လက်ရှိရက်ပိုင်းအတွင်းမှာ ဧရာဝတီတိုင်း ချောင်းသာကမ်းခြေအနီးက ရွှေသောင်ယံတကြောမှာ တိုက်ပွဲတွေပြန်ငြိမ်နေသော်လည်း စစ်ရှောင်သူအချို့တော့ရှိနေဆဲဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်တွေကတော့ရှိနေတာပဲလေ၊စိုးရိမ်စိတ်နဲ့ ရှောင်ကြတဲ့သူတွေတော့ရှိတယ်။ ပစ္စည်းလေးရွှေ့ဘာလေးရွှေ့ပေါ့လေ၊သိပ်အများကြီးတော့မဟုတ်ပါဘူး၊ဒီလိုပဲ စိုးရိမ်စိတ်နဲ့ ရှောင်ကြတာပါ”လို့ ချောင်းသာကမ်းခြေ ဒေသခံတယောက်က ဆက်ပြီး ပြောပြပါတယ်။
လက်ရှိမှာ ပုသိမ် – ချောင်းသာ – ငွေဆောင်လမ်းကိုလည်း ပိတ်ထားခြင်းမရှိဘဲ ယနေ့အထိ သွားလာဆက်သွယ်လို့ ရတယ်လို့ ပုသိမ်မြို့ခံ တယောက်က အခုလို ဆက်လက် ပြောပြပါတယ်။
“ကားလမ်းလည်းမပိတ်ဘူးလေ။ပုသိမ်၊ချောင်းသာ၊ငွေဆောင် အကုန်သွားလို့ရတယ်။ဧရာဝတီဘက်တွေမှာ အခုပြန်ငြိမ်နေတယ်။အခုတလောဘာအသံမှ သိပ်မကြားရဘူး”လို့ ပုသိမ်မြို့ခံတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် ဧရာ၀တီတိုင်းထဲမှာ နှစ်ဘက်ထိတွေ့မှုဖြစ်တာက တိုင်းနယ်စပ်တစ်ဝိုက်က ရွာတွေမှာပဲဖြစ်ပြီး မျဉ်းအဖြောင့်တိုင်းတာရင်တောင် တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ မိုင်(၃၀) ကျော်ဝေးတယ်လို့ ငွေဆောင်ဒေသခံတွေက ဆိုထားပါတယ်။
လက်ရှိအချိန်ထိ ငွေဆောင်ကမ်းခြေကဟိုတယ်တွေတလုံးမှမပိတ်သေးသလို ယနေ့စာရင်းအရ ခရီးသွားဧည့်သည် (၅၀၀)ကျော်အထိ ရှိနေတယ်လို့ ငွေဆောင်ဒေသခံတွေရဲ့ပြောကြားမှုတွေအရ သိရပါတယ်။
ချောင်းသာကမ်းခြေတဝိုက်နဲ့ ရွှေသောင်ယံကမ်းခြေတကြောမှာ စစ်ဘေးရှောင် အရေးကိစ္စရပ်တွေကို ကူညီပေးနေသူတယောက်ကလက်ရှိရက်ပိုင်းတွေ အတွင်းမှာ တိုက်ပွဲအသံတွေ သိပ်မကြားရသလို ဘောမိတိုက်ပွဲပြီးကတည်းက ရွှေသောင်ယံတကြောမှာ လက်ရှိ အချိန်မှာတော့ ပုံမှန်အတိုင်း ငြိမ်သက်လျက်ရှိတယ်လို့ ပြောပြထားပါတယ်။
ဒါအပြင် ဘောမိတိုက်ပွဲတွေကြောင့် ပုသိမ်ဘက်သို့ စစ်ရှောင်သွားသူတွေရှိနေသလို ရွှေသောင်ယံတကြောက ကမ်းခြေတွေမှာ စစ်မရှောင်ဘဲ ကျန်ရစ်ခဲ့သူတွေအများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကိစ္စတွေကို ကူညီဆောင် ရွက်ပေးနေသူတွေက ဆိုပါတယ်။
ပုသိမ်ဒေသခံတယောက်ကတော့ ရခိုင်လက်နက်ကိုင် AA အနေနဲ့ ဧရာဝတီတိုင်းထဲကို စစ်ကျွံဝင်လာဖို့ ဆိုတာက မဖြစ်နိုင်ဘူးလို့ သူရဲ့အမြင်ကို အခုလို ပြောပြပါတယ်။
“AA က ဧရာဝတီအထိ ဝင်လာဖို့ဆိုတာက ဖြစ်နိုင်ချေနည်းပါတယ်။ရခိုင်မှာသူတို့ကတောက်လျှောက် တိုက်လာတာလေ၊ ဧရာဝတီတိုင်းထဲဝင်လာပြီဆိုရင် သေချာတယ် AA စစ်ကျွံသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း ရွှေသောင်ယံတကြောမှာ တိုက်ပွဲတွေငြိမ်သက်နေသော်လည်း ဂွမြို့နယ်နဲ့ ထိစပ်လျက်ရှိတဲ့ ရခိုင်နဲ့ ဧရာဝတီအစပ်က ကျေးရွာတွေမှာတော့ တိုက်ပွဲတွေမဖြစ်ပွားသော်လည်း လက်နက်ကြီးသံတွေ လက်နက်ငယ်သံတွေ အမြဲလိုလို ကြားနေရတယ်လို့ အဲဒီဒေသတွင်းက ကျေးရွာတွေမှာ နေထိုင်သူတွေက ဆက်ပြီး ပြောပြခဲ့ပါတယ်။
ဒါကြောင့်မို့ ရခိုင်ဘက်ကတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းဘက်ကို ဆက်လက် ကူးစက်လာမလားဆိုပြီး ဧရာဝတီတိုင်းဒေသခံအများအပြားက စိုးရိမ်နေကြတာဖြစ်ပါတယ်။
Photo – CJ
ပုံစာ – ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ မြင်ကွင်းများ။

Related posts

Leave a Comment

VOM News

FREE
VIEW