ဘုရားသုံးဆူ ကာစီနိုနဲ့ ဂိမ်းဆိုင်တွေမှာ အလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသား​တွေ မြို့ကနေထွက်ခွာဖို့ DKBA သတိပေး

ဖေဖော်ဝါရီ ၉ – ၂၀၂၅
GG (VOM)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူ မြို့ထဲမှာတရားမဝင် ရောက်ရှိနေထိုင်ပြီး ကာစီနိုရုံနဲ့စားသောက်ကုန်ရောင်းချခြင်း၊ဂိမ်းဆိုင်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအားလုံး ဖေဖော်ဝါရီလကုန် ၂၈ ရက်နေ့နောက်ဆုံးထားပြီး မြို့ထဲကနေထွက်ခွာဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ် (၂) နည်းဗျူဟာကဒီနေ့ဖေဖော်ဝါရီ ၉ ရက်မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။
သတ်မှတ်ရက်အတွင်း ထွက်ခွာဖို့သတိပေးချက်အပေါ် လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံသားတွေ ဘုရားသုံးဆူ မြို့ထဲထပ်ပြီး ဝင်ရောက်မှုမရှိအောင်လည်း တားမြစ်ပိတ်ပင်သွားမယ်လို့သိရပါတယ်။
DKBAရဲ့ထုတ်ပြန်ချက်အပေါ် မြို့ခံတယောက် က ” မီးပြတ်ပြီးကတည်းက ကာစီနိုရုံနဲ့ဂိမ်းဆိုင်တွေတော့ပိတ်ထားတာတွေ့တယ်။တရုတ်တွေ မြို့ကထွက်မထွက်တော့မသိဘူး။မြို့မှာတရုတ်တွေချည်းပဲ။မဖြစ်နေထွက်ခိုင်းလို့ထွက်ကြ လည်း မကြာဘူးပြန်ရောက်လာကြမှာပဲ။DKBA လည်းအပြောပဲရှိတယ်။တကယ်လုပ်မှာမဟုတ်ဘူး။ဘာလို့ဆို ဒီလုပ်ငန်းတွေကရတဲ့ အခွန်တွေနဲ့ပဲ သူတို့က ရပ်တည်ရတာပဲလေ။” လို့ ပြောပါတယ်။
DKBA ကတော့ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းနဲ့ အွန် လိုင်း လောင်းကစား လုပ်ငန်းတွေ လာရောက် အခြေချ လုပ်ဆောင်နိုင်ခြင်း မရှိစေရေးနဲ့ မြို့နေပြည်သူတွေ လူမှုစီးပွါး ထိခိုက်နစ်နာမှု လျော့ပါးသက်သာစေရန်အတွက် ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။
ဒါအပြင် ဘုရားသုံးဆူမြို့အတွင်း ထိုင်းနိုင်ငံ ဘက်မှ ဖြတ်တောက်ခံထားရတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီတွေလည်း အရင်ကအတိုင်း အမြန်ဆုံး ပြန်လည်ရရှိရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်း လောင်းကစား လုပ်ငန်းကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်က ဖေဖော်ဝါရီ ၅ ရက်နေ့မှစပြီး ဘုရားသုံးဆူ မြို့ ကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပဲ DKBAက သူတို့ ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံသံရုံးနဲ့အတူ နိုင်ငံတကာ သံရုံးတွေကနေ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ့်အပြင်လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုပါ နိုင်ငံတကာနဲ့အတူ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ ဘုရားသုံးဆူ မြို့မှာတော့ ထိုင်းကလျှပ်စစ်မီးနဲ့ စက်သုံးဆီတွေဖြတ်တောက်ခံရပြီးနောက် မြို့နေလုထုလည်း ရေပြတ်တောက်ခြင်း၊ လျှပ်စစ်ပစ္စည်းတွေစျေးကြီပေးဝယ်ရခြင်း၊စက်သုံးဆီဝယ်ယူရခက်ခြင်း စတဲ့ပြဿနာတွေကိုရင်ဆိုင်နေရတယ်လို့သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW