တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅
SS (VOM)
ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကထက် အခေါက်ရွှေဈေး အနည်းငယ် မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိ‌နေပြီး ဈေးအနည်းငယ် ပြန်ကျလာပါတယ်။
စက်သုံးဆီ ဈေးကွက်မှာတော့ ဒီတပတ်မှာ စက်သုံးဆီ အမျိုးအစားအားလုံး ဈေးပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေ ဆက်ကျနေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တကျပ်သား ၆၄ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၅ သိန်းကျော်ဝန်းကျင်နဲ့ အနည်းငယ် တက်ရိပ်ပြလာပါတယ်။
တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်းဈေးပါ။ ဒါပေမယ့် ဖေဖော်ဝါရီ ၇ ရက််နေ့ကစလို့ ကျပ် ငါးဆယ့်ငါးသိန်းငါးသောင်း ဝန်းကျင်ကို ရောက်ရှိလာပြီး တပတ်တာအတွင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။
“ရွှေဈေးက ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး တက်ရိပ်ပြန်ပြလာတာပေါ့။ လေးရက်အတွင်းကို ကျပ် တသိန်းခွဲ ဈေးတက်လာတာ။ ဒေါ်လာဈေး တန်းနေပေမယ့် ကမ္ဘာ့ဈေးက တက်နေတော့ ရွှေဈေး မာလာတဲ့သဘောပေါ့။ ဒါပေမယ့် အခုလောလောဆယ် ဒေါ်လာဈေးကလည်း နည်းနည်းပြန်ကျနေတယ် ဆိုတော့ တနင်္လာနေ့ ဈေးကွက်အဖွင့်ကို တချက် စောင့်ကြည့်ရမယ်။ တနင်္လာနေ့မှာ ကမ္ဘာ့ရွှေဈေးလည်း ပြန်ကျမယ်၊ ဒေါ်လာဈေးလည်း ဆက်ကျလာမယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးက အတက်ဘက်ကို ဆက်သွားနိုင်ခြေ မရှိသေးဘူး” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် (တနင်္လာနေ့) က တအောင်စ ၂၆၅၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဖေဖော်ဝါရီလ ၃ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၇၇၇ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၁၂၂ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းမှာတော့ ကမ္ဘာ့ရွှေ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၂၈၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် (စနေနေ့) မှာတော့ တအောင်စ ၂၈၆၁ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက ၄၄၀၀ ကျော်ဝန်းကျင်ကို အနည်းငယ်ကျဆင်း ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကတော့ ၄၅၀၀ ကျော်ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Mkt Online Trading Platform) ကနေ နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းပေးလျက်ရှိတာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တရုတ်ယွမ် ငါးသိန်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တရုတ်ယွမ် ၁၀ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ အမေရိကန်ဒေါ်လာ လေးသိန်းကိုးသောင်းဝန်းကျင်နဲ့ တရုတ်ယွမ် ငါးသိန်း ထုတ်ရောင်းပေးခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော်နဲ့ တရုတ်ယွမ် သိန်း ၂၀ ကျော် ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဗဟိုဘဏ်အနေနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ တရုတ်ယွမ် ခြောက်သိန်းဝန်းကျင်ကို ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
ဖေဖော်ဝါရီ ၉ ရက်၊ နေ့လယ်ပိုင်းမှာတော့ အမေရိကန် တဒေါ်လာဈေးဟာ ၄၄၈၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး အနည်းငယ် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ မနက်ပိုင်းကတော့ တပတ်အတွင်း အမြင့်ဆုံးဈေး ၄၅၈၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ အခုတပတ် ဖေဖော်ဝါရီ ၃ ရက် (တနင်္လာနေ့) ဈေးကွက်ဖွင့်ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ၄၅၅၀ ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့တာပါ။ ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ၄၅၃၀ ဝန်းကျင်ကို စတင်ကျဆင်း ရောက်ရှိလာပြီး လက်ရှိမှာတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ထပ်မံ ကျဆင်း ရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီလိုပဲ တခြားသော ငွေလဲဈေးတွေလည်း ကျဆင်းလျက်ရှိတာမှာ စင်္ကာပူဒေါ်လာဈေးကတော့ လက်ရှိမှာ ၃၃၅၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၃၂ ဝန်းကျင်၊ တရုတ်ယွမ် ၆၁၅ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၁ ဝန်းကျင်မှာ ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးကွက်မှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်ကျလာတာကို တွေ့ရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၆၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၂၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၇၀ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၈၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၆၀ ကျပ်၊ ဒီဇယ် တလီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၄၈၅ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၀ ကျပ်၊ ၉၅ ကတော့ တလီတာ ၄၀ ကျပ်၊ ဒီဇယ် တလီတာ ၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၁၁၅ ကျပ်နဲ့ ဈေးကျဆင်းနေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ကျဆင်းလျက်ရှိပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စိမ်းဈေးတွေ သိသိသာသာ ကျဆင်းနေပါတယ်။ တချို့ ကုန်စည်တွေကတော့ အမြင့်‌ဈေးအတိုင်း ဆက်ရှိနေပါတယ်။
စားဆီဈေးကွက်ထဲမှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၇၁၆၅ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ၈၀ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင် ဈေးအတိုင်း ဆက်ရှိနေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း ၇၆၀၀ ကျပ်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုပဲ ဆန်ဈေးနှုန်းတွေဟာလည်း အမြင့်ဈေးမှာ ရှိနေဆဲဖြစ်ပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဧရာပဒေသာဆင်းသွယ် တအိတ် တသိန်းတသောင်းငါးထောင်ကျပ်၊ ရက် ၉၀ ဆန်ဟောင်း တအိတ် တသိန်းနှစ်သောင်းကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ မြေင်းမြပေါ်ဆန်းမွှေး တအိတ် ကျပ် တသိန်းခွဲ၊ ရွှေဘိုပေါ်ဆန်း တအိတ် တသိန်းခြောက်သောင်း ရှစ်ထောင်ကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥကတော့ ပုံမှန်အမြင့်ဈေးမှာ ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၃၅၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ရှိနေပါတယ်။
ဈေးကွက်ထဲမှာ အာလူး၊ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် ပြန်ကျနေပြီး ကြက်သွန်နီကတော့ အရင်တပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။ အာလူး တပိဿာ ကျပ် ၃၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၄၀၀၀ ကနေ ၄၅၀၀ အထိ ရှိနေပါတယ်။ ကြက်သွန်ဖြူကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် တသောင်းခွဲကနေ ကျပ် တသောင်းရှစ်ထောင်ဝန်းကျင်ဈေး ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာ ကုန်စည်အများစု ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ အရင်တပတ်က အကျဈေးအတိုင်း ဆက်ရှိနေပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၂၀၀၀ – ၂၅၀၀ ကျပ်ဈေးမှာ ပုံမှန်အတိုင်းရှိနေပြီး ပန်းဂေါ်ဖီဈေးကလည်း ကျပ် ၁၀၀၀ ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီလိုပဲ ပန်းဂေါ်ဖီ အစိမ်းကလည်း တပွင့် ကျပ် ၅၀၀ – ၁၀၀၀ ဈေးမှာ ရှိနေဆဲပါ။
တရုတ်ကန်စွန်းရွက် တစည်း ၅၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၃၀၀ ကျပ်နဲ့ ဈေးကျနေပါတယ်။ အဲဒီလိုပဲ ခရမ်းချဉ်သီးကလည်း တပိဿာ ၃၅၀၀ – ၄၀၀၀ ကျပ်နဲ့ အကျဘက်ကို ဆက်သွားနေပါတယ်။
ရပ်ကွက်ဈေးတွေမှာ တချို့ ငါး၊ ပုစွန်ဈေးတွေ အကျဘက်မှာ ဆက်ရှိနေပြီး တချို့ကတော့ ဈေးတက်နေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်းရှစ်ထောင်ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။ ငါးကြင်းကတော့ တပိဿာ တသောင်းကိုးထောင်ဝန်းကျင်နဲ့ ဈေးထပ်တက်လာပါတယ်။ အဲဒီလိုပဲ ပုစွန်ဈေးတွေလည်း အနည်းငယ် မြင့်တက်နေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် သုံးသောင်းခွဲကနေ ခြောက်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌ဈေးက ပုံမှန်အတိုင်းရှိနေပြီး ဝက်သားဈေးကတော့ ပြန်ကျနေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်ပါတယ်။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းလေးထောင်ဈေးမှာ ရှိနေပါတယ်။
အမဲသားနဲ့ ဆိတ်သား ဈေးကွက်မှာတော့ အမဲသားဈေးက တပိဿာ ကျပ် နှစ်သောင်းခုနစ်ထောင်နဲ့ အမြင့်ဈေးအတိုင်း ဆက်ရှိနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းကိုးထောင်အထိ ဈေးထပ်တက်နေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW