ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်ခ်က တောင်းဆိုလိုက်ပါတယ်။
ဥရောပဟာ လက်ရှိမှာ လွတ်လပ်နေပြီဖြစ်တဲ့အတွက် သူတို့ထုတ်လွှင့်တာတွေကို ဘယ်သူမှ နားမထောင်တော့ကြောင်းနဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းငွေ တနှစ်ကိုဒေါ်လာ ၁ ဘီလီယံကို မီးရှို့နေတယ်လို့ အီလွန်မတ်ခ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Voice of America သတင်းဌာနဟာ ဝါရှင်တန်ဒီစီမှာရုံးစိုက်ပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ဘာသာစကား ၄၇ မျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ Radio Free Europe ဟာလည်း ပုဂ္ဂလိက အကျိုးအမြတ်မယူတဲ့ မီဒီယာအဖွဲ့အစည်းဖြစ်ပြီး အမေရိကန်က ထောက်ပံ့ပေးထားပါတယ်။
အွန်လိုင်းနဲ့ ရေဒီယိုထုတ်လွှင့်တင်ဆက်မှုတွေလုပ်ဆောင်နေပြီး ကမ္ဘာတဝန်းမှာ ဗျူရို ၂၃ ခုရှိပြီး သတင်းထောက် ၁၄၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပါတယ်။ Politico ၊ Associated Press နဲ့ The New York Times စတဲ့သတင်းဌာနတွေကို အမေရိကန်အစိုးရက ထောက်ပံ့ပေးမှုတွေကိုလည်း အီလွန်မတ်ခ်က ဝေဖန်ခဲ့ပါတယ်။
ဒီလို မီဒီယာအဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေမှာ အခွန်ထမ်းအမေရိကန်ပြည်သူတွေရဲ့ ရန်ပုံငွေကိုအပေါ် ထိရောက်စွာအသုံးပြုမှုကို သူက ဝေဖန်ခဲ့ပြီး ဒါတွေကို ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။
အီလွန်မတ်ခ်ဟာ အမေရိကန်နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) ရဲ့ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းပြီး ဌာနကိုပိတ်သိမ်းဖို့လုပ်ဆောင်မှုတွေကြောင့် သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေစဉ်မှာ Voice of America နဲ့ Radio Free Europe သတင်းဌာနတို့ကို ပိတ်ပစ်ဖို့ အီလွန်မတ်ခ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Ref:Musk’X
Photo: Getty Images