ဆူးငှက်
ကုန်လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော်ကာလ မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်းမြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန်္တလေးမြောက်ဘက် ရှိ မတ်္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေးတစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းက လည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်းများကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေးသေးလေးဖြစ် သည်တဲ့ …။ အိန္ဒိယသား ကုလားသူဋ္ဌေး “မနာဂျီ” ပိုင်ဆိုင်သော မီးရထားလေးမို့ … မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ … “မနှင်းဆီမီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်းမြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်းခွဲခြားလို့မရ။ ဘိုးတော်ဘုရား လက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေအတွက်သာမက မတ္တရာ တစ်ကြောက ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းအဖြစ်လည်း အသုံးတည့် သောကြောင့် မင်းတုန်းမင်း၏ မန္တလေးမြို့တည်ပန္နက်တွင် ဈေးချိုကို ရွှေတချောင်းကမ်းပေါ် လျာထား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မြောက်ဘက် မတ်္တရာမြစ်မှသည် ရွှေလောင်းချောင်းဖြင့် စတင်ကာ မန်္တလေးမြို့ အနောက်ခြမ်း၌ တာပေါင်း(၂၇၀၀)ကျော် ရှည်လျားသည့် ရွှေ တချောင်းမြောင်းတော်ကလည်း ရေသန့်ရေရှင် သွင်သွင်စီးကာ ဈေးချိုတောင်အောက်ဘက်မှ ကပ်ကာ စီးဆင်းသွား၏။ ရွှေတချောင်းမြောင်းထဲတွင် ဈေးလာဈေးပြန် လှေလောင်းများဖြင့် ပြည့်နေသည်။ ဈေးချိုတော်အနောက်ဘက်တည့်တည့်၊ အိမ်တော်ရာ ဆင်တံတားထိပ် ဆင်ကြီးနှစ်ကောင် အရုပ်ကြီးများရှိရာ ရွှေတချောင်းရေဆိပ်ကား အစည်ကားဆုံးဖြစ်ပါသည်။ ရွှေတချောင်း ရေဆိပ်မှာ လှေများဆိုက်ကပ်ကာ တက်သူဆင်းသူများ ဖြင့် ရှုပ်ယှက်ခတ်နေသလို ရေချိုးသူ၊ ရေကူးသူများဖြင့်ပင် စည်ကားနေသည်ဟု ဆို၏။
ဒုတိယကမ်ဘာစစ်ကြီး ပြီးကတည်းက ယိုယွင်းခဲ့သော မန်တလေးမြို့ သန့်ရှင်းရေးမှာ ပြန်လည်အားယူနာလန်ထူစ ပြုပေမယ့် အရှိန်မရသေးပေ။ အထူးသဖြင့် ထိုခေတ်ထိအချိန်က ဈေးချိုတော် ကြီးအတွင်း သန့်ရှင်းရေးမှာ အဆင်ပြေသေးပုံမပေါ်သေးတာ သေချာ၏။ ထိုအချိန်က ထုတ်ဝေသည့် မန်္တလေးမြို့မှ သတင်းစာ၊ ဂျာနယ်များတွင် အများဆုံးရေးသားကြသည့် သတင်းများလည်း ဖြစ်နေ၏။ ပမာအားဖြင့် မန္တလေးမြို့ထုတ် နဂါးနီဂျာနယ် အမှတ် ၃ (၁၃၀၇ ခု တပေါင်းလဆန်း ၇ ရက်ထုတ်)တွင် “ကမ်္ဘာလုံးဆိုင်ရာ တယ်လီဖုန်းသတင်း” ကဏ္ဍ၌ ဈေးချိုတော်အရှေ့ဘက် တိုက်တန်းကြီး ကြီးအနောက်နား၌ အမှိုက်များ စုပုံနေကြောင်း အိမ်သာများကိုလည်း သန့်ရှင်းစွာ ပြုပြင်ကာ ဆေးများဖျန်းပေးစေလိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုရသည်။
ထို့ကြောင့် ဈေးချိုတော်ကြီး အနောက်မြောက်ထောင့်၊ နာရီစင်အရိပ်အောက်က “ဆိုင်ဒူးခန်း” လက်ဖက်ရည်ဆိုင်တွင် မြို့မအသင်းသားများ နှင့် ထိုင်ကြရင်း အရပ်လေးမျက်နှာ မျက်စိတစ်ဆုံးမြင်ရ၊ နားတစ်ဆုံး ကြားရသည်များကို မြို့မတူရိယာအသင်းကို စတင်တည်ထောင်သူထဲ တစ်ဦး အပါအဝင်ဖြစ်သည့် ဆရာမြို့မငြိမ်းက သီချင်းတစ်ပုဒ်ရေးဖွဲ့ခဲ့ပါ၏။ ဆရာမြို့မငြိမ်းက သူ့သီချင်းတွင် ဈေးချိုတော်အနီးတစ်ဝိုက်က မြင်ကွင်းများ အပြင် ညစ်ပတ်ပေရေနေသော ဈေးချိုတော်ကြီး၏ သန့်ရှင်းရေးကို “ဂွက်ထော်” ခေါ် ဝက်များက တာဝန်ယူဖြေရှင်းနေရသဖြင့် အမြီးလေးတနှံ့နှံ့ နှင့် ဝဖြိုးနေကြောင်းလည်း ကလိထားသေး၏။ ထို့ပြင် မြို့မအသင်းသားများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ဖက်၊ ပိုးဖက်၊ ပြိုင်ဘက် မန်္တလေးဥပမာကောလိပ် ကျောင်းသား များကိုလည်း “တို့လည်း ပညာတတ်တွေပါပဲ” ဟု ပခုံးချင်းယှဉ်လိုက်သည့် သမိုင်း ရာဇဝင် ဆိုင်ရာသာမက ရသပညာဘက်ဆိုင်ရာ အနု၊ အလှလေးများလည်း လိုက်လျောအဆင်ပြေစွာ ထည့်သွင်းလိုက်ချေသေး၏။ ထိုသီချင်းအား ခံစားနားဆင်ကြည့်ပါကုန်။
မန္တလေးအမှတ်(၂)သီချင်း
“ ရွှေဉာဏ်ကွန်ယက်၊ ဖြန့်ကျက်ကာပင်၊ ရှုတော်မူလိုက်သည်တွင်
နောင်သောအခါ၌၊ ရှင်ချစ်သာသနာ အဓွန့်ရှည်လို့တည်၊
ထွန်းမှာမြင်။
လဝန်းရည်သို့ စန်ဒမုခိ၊ မန်းတောင်စံဗိမာန်ရှင်
ဖွံ့ဖွံ့ကြိုင်လန်း၊ ဝတ်ပန်းစုံကို ထူးမြတ်ကဲလွန် … ရဲအလှူတွင်
လက်ရုံးတော်ငင် … နတ်သမီးမြို့ကြီးတည်အံ့ပင် ..၊
ဗျာဒိတ်တော်ကိုဆင် ..၊ ထင်ရှားစကားငဲ့ပြင်
ဈာနာလာဘီ အဘိညာဉ် မြေလျှိုး .. မိုးထက်တစ်ခွင်
တန်ခိုးပြည့်ဖြိုးစုံလင် ရသေ့မြတ်တို့အရှင်
စကားသိုက်နိမိတ်နဲ့အညီ တည်သော် ရတနာပုံနေပြည်ပင်။
သံပြိုင်
ကျုံးလဲ့လဲ့ကြည်လင်၊ ကြည်းရေငှက်တို့ပျော်ရွှင်
ပန်းကြာပဒုံ ကြိုင်ထုံသင်းနံ့ယဉ်
စိမ်းမြမြ မှိုနတို ဟင်းချိုလှပါတယ်ခင်
ဂရင်းလီဗီ၊ ဘယ်ဂျီတေးဘဲလ်ပင်
ကမ်းစလေးတွင် လောကွတ်အတွေးနဲ့
ကျွေးလိုက်ရစေတနာဝင်
မောင်မယ်မြို့မ လေထဲစိတ်ကူးယဉ်
ဘုံတွေဆင့်လို့ နာရီစင်ခေါင်မိုးတွင်
မန်းရွှေမြို့ရဲ့ ကျက်သရေတစ်မျိုးပေါ့
စုလစ်မွမ်းချွန် အာကာဝေဟင် … ဗိသုကာ အတတ်သည် မြန်မာပီယဉ်ယဉ် ..
ပြည်လည်မျှော်မှန်း ဓာတ်ရထားလည်း လွမ်းလောက်တဲ့ပြင်
အဆင့်ဆင့် ဟားပေါက် မှန်မမှန်မဆိုချင်
ဝက်တော်တွေဖီး အမြီးလေး တနှံ့နှံ့မြင်၊
ပျားပန်းခတ်သည်တွင် ရောင်းဝယ်ကူးသန်းဟိုစဉ်
ချောင်းရွှေလှလောင်း စည်ဗုံမောင်းငြိမ့်လွင်
မန်းမြို့သူမူချင်ချင် ဆင်တံတားထိပ် ညောင်ညိုပင်
ခေါင်းလျှော်ရေချိုး တစ်မျိုးကြည့်လို့ယဉ်
အုတ်ကာသွပ်မိုး ဈေးကြီးပြီးမြောက်
ဈေးအနောက်မြောက် မျှော်ပါရင်
အလယ်ကဖောင်းဖောင်း မနှင်းဆီခေါင်းပင် …” တဲ့။
ရိုးလ်ကုမ်ပဏီဘက်ဆီမှ ဈေးချိုနာရီစင်ဆီအထိ ပြေလျော့ဆင်းလာသော အာဇာနည်လမ်းမ တစ်လျှောက်တွင်မူ နေရောင်၌ ဓာတ်ရထားသံလမ်း များလည်း လက်လက်ထနေသည်။ သို့သော် ထိုသံလမ်းများပေါ်၌ ဓာတ်ရထားပြေးဆွဲခြင်းကိုမူ ၁၉၃၉ ဝန်းကျင် (သက်္ကရာဇ် ၁၃၀၀ ပြည့်) ကာလ လောက်ကတည်းက ရပ်နားသွားပြီဖြစ်၏။ သွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိ လက်တံဖြင့်ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ဓာတ်ရထားများကို ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ်္တားမြို့များ၌ ဖောက်လုပ်ပြေးဆွဲခဲ့သည်။ လန်ဒန်မှ ီငခု ုနမမ ရ ဃသယူအိ ဖြစ်သည်။ မန်္တလေး၌ ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ်သာရှိပြီး ဘေးတံခါးများ မပါရှိသော ဟင်းလင်းဖွင့်များဖြစ်၏။ လူ ၄၈ ယောက် စီး ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ မန်္တလေးမြို့အတွင်း ဓာတ်ရထားလမ်းမှာ ၆မိုင်ခွဲခန့်ရှည်ကာ အသွားလမ်းတစ်လမ်း၊ အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန်လမ်းနှစ်လမ်းရှိကာ ခရီးဆုံးဘူတာများကား ရှမ်းစုဘူတာ၊ မန်္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီးတို့ဖြစ်သည်။ မန်္တလေးမြို့တွင်း ဓာတ်ရထားလမ်းကို ၁၉၀၄ ခု ဇူလိုင် ၁၄ ရက်(၁၂၆၆ခု၊ ဒုတိယ ဝါဆိုလဆန်း ၃ရက်) က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၈၄လမ်းတစ်လျှောက် ရှမ်းစုအထိလမ်းကိုမူ ၁၉၀၇ ခု ဇန်နဝါရီလ ၂၆ ရက်(၁၂၆၈ခု၊ တပို့တွဲလဆန်း ၁၄ရက်)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ မန်္တလေး ဓာတ်ရထားလမ်းများအား ၁၉၀၄ ခုနှစ်တွင် လက်ထောက်ဘုရင်ခံ ဆာဟရူးဘာနီ(ဘန်းစ်) ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်သည်။
ဓာတ်ရထားများ မန္တလေးမြို့၌ စတင်ပြေးဆွဲစဉ်အခါက …
““…မန်းမဏ္ဍလ မြန်စန်းနယ်မှာ၊ အံ့မခန်းဖွယ် အခင်းကြုံချက်ထူး၊ ရထားဓာတ်စက်စေနှင်မှာမူ ဝေဟင်အဇဋာညွှန်ယံဦး၊ လေယာဉ်ပမာ ကွန့်ပျံမြူးလိမ့်၊ အဓွန့်ကဲထူးရှိလို့သာ” ဟူ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအားပေးခဲ့ကြသည်။ ထို့ကြောင့်လည်း ဓာတ်ရထားကုမ်္ပဏီက နောက်ပိုင်းတွင် အလယ် တံခါးပေါက်ပါသည့် ပိုမိုခံ့ညားသော ပုံစံသစ် ဓာတ်ရထားများပင် ပြေးဆွဲပေးခဲ့သည်။ သို့သော် ၁၃၀၀ ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ ဦးခေါင်း ချွန်ကြီးများပါရှိသော ဆိုက်ကားများပေါ်လာပြီး ထိုဆိုက်ကားများကိုလည်း အစီးများလာပြန်၏။ ဆိုက်ကားများကား မြန်မာအမျိုးသားအများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင်ကြသည့် ပုံစံဖြစ်သည်။ ထိုအခါ အင်အားကြီးအရင်းရှင်ကုမ်္ပဏီကြီးက တစ်နေကုန်စီး ၃ပဲတန်လက်မှတ်များ ရောင်းချကာ ၃ပဲဖြင့် တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး။ ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့မဆို လက်လွှဲစီးနိုင်သည့် စနစ်ကို တီထွင်ခဲ့သည်။ သို့သော် ၁၃၀၀ ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ် တံခွန်အမြင့်မားဆုံးအချိန်ဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်း အားပေးခဲ့သောကြောင့် အင်အားကြီး ဓာတ်ရထားကုမ်္ပဏီကြီး ဓာတ်ရထားကုမ်ပဏီကြီး အရှုံးပေး နောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းသွားရသည့် အဖြစ်အပျက်မှာ လည်း မှတ်သား ဖွယ်ရာဖြစ်ပါသည်။
ဆူးငှက်