ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် OWIC ကတ်ကို စိစစ်ပြီး ပြန်ထုတ်ပေးမယ်လို့ သိရ

မတ် ၁၁ – ၂၀၂၅
SN (VOM)
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို လာမယ့် မတ် ၂၀ ရက်နေ့မှ စတင်ကာ စိစစ်ပြီး ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အခုလို ပြန်လည် ခွင့်ပြုပေးရာမှာ အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် သွားရောက် မယ့်သူတွေအနေနဲ့ OWIC ကတ် လက်ဝယ်ရရှိပြီးနောက် အလုပ်သမားဝန်ကြီးဌာနမှာ ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ခွင့်ပြုချက် လျှောက်ထားသူတွေကို စိစစ်ပြီးနောက် ပြည်ပ အလုပ်အကိုင် သွားရောက် ခွင့်ပြုတဲ့စာရင်းကို ကြေညာပေးကာ လေဆိပ်ကို ပေးပို့ထားမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်တွေကိုတော့ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
“အခုက အဆင့်တဆင့် ထပ်တိုးလိုက်တာပေါ့။ အရင်ကဆိုရင်တော့ PJ နဲ့ OWIC ကတ်ရှိတယ်ဆိုရင် PJ လေဆိပ်ကနေ တခါတည်း တန်းထွက်လို့ရတယ်။ အခုကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ပါရမယ့်အပြင် လေဆိပ်မှာလည်း ခွင့်ပြုစာရင်း ပါနေမှ ပြည်ပကို ထွက်ခွင့်ရတော့မယ်။ အခုက ကိုယ့်လက်ထဲမှာ စာရွက်စာတမ်း အပြည့်အစုံ ရှိနေရင်တောင် ခွင့်ပြုချက် ယူရဦးမှာပါ။ အဲဒီ ခွင့်ပြုချက်ရဖို့ အချိန် ဘယ်လောက်ကြာနိုင်တယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” လို့ အေဂျင်စီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အလုပ်သမား ဝန်ကြီးဌာနကတော့ PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ် ရှိနေသူတွေအနေနဲ့ အေဂျင်စီ အစီအစဉ်နဲ့သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) နဲ့သော်လည်းကောင်း၊ ခွင့်ပြန်လာပြီး ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံတွေဆီ ထွက်ခွာမယ်ဆိုပါက လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ လူကိုယ်တိုင် လာရောက်စရာ မလိုဘဲ အွန်လိုင်းကတဆင့် လျှောက်ထားနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကို လိပ်မူပြီး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ရယူဖို့ လျှောက်ထားတဲ့စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ (ဓာတ်ပုံပါ စာမျက်နှာနဲ့ နေထိုင်ခွင့်သက်တမ်း စာမျက်နှာ)၊ သက်တမ်းရှိနေတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ခွင့်ပြန် အလုပ်သမားတွေ ဖြစ်ပါက သက်တမ်းရှိနေတဲ့ အလုပ်လုပ်ခွင့် ပါမစ်မိတ္တူနဲ့ အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်ကိုပြန်ဖို့ ခွင့်ပြုတဲ့ စာတွေ လိုအပ်ပြီး အေဂျင်စီတွေအနေနဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် တင်ပြရာမှာ သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေတဲ့ သက်ဆိုင်ရာ Email တွေဆီကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
မိမိအစီအစဉ်နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် တင်ပြရာမှာ သတ်မှတ် အထောက်အထားတွေနဲ့အတူ migrantdeparture@gmail.com ကို ပေးပို့ လျှောက်ထားဖို့၊ အနည်းဆုံး ရုံးပိတ်ရက် (မပါ) ငါးရက် ကြိုတင်ပြီး လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ စိစစ်ပြီးနောက် ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်ဖို့အတွက် ခွင့်ပြုတဲ့ စာရင်းတွေကို Safe Migration Telegram Channel ကနေ မတ်လ ၁၇ ရက်နေ့မှာ စတင် ကြေညာပေးသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်တွေဆီကိုလည်း ပေးပို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေအနေနဲ့ OWIC ကတ် ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ် ဝယ်ယူခြင်း ဆောင်ရွက်ဖို့ကို ဝန်ကြီးဌာနက အသိပေးထားပါတယ်။
အခုလို ပြန်လည် ခွင့်ပြုပေးတဲ့ လုပ်ငန်းစဉ်မှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေ ပါဝင်ခြင်း မရှိသေးဘဲ ပြည်ပအလုပ် လုပ်ခွင့် ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခု ကြေညာချက်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကတော့ မပါသေးဘူး။ မတ် ၂၀ ရက်နေ့ကို တချက် စောင့်ကြည့်ရမှာပဲ။ နောက်ပိုင်း ပြည်ပအလုပ်သမား စေလွှတ်မှုကို General Worker ထက် Skilled Worker တွေကိုပဲ စေလွှတ်သွားဖို့ကို နိုင်ငံတော်က လုပ်ဆောင်နေတာ ရှိတယ်။ အခြေအနေတွေ အားလုံးရဲ့ နောက်ဆက်တွဲက ဘယ်လို လာဦးမလဲတော့ မသိသေးဘူး၊ စောင့်ကြည့်ရဦးမှာပဲ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
ပြည်ပနိုင်ငံတွေကို မြန်မာအလုပ်သမားတွေ စေလွှတ်ရာမှာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (NSSA) ရဲ့ အသိအမှတ်ပြုလက်မှတ် ရထားပြီးသူကိုပဲ ကျွမ်းကျင်လုပ်သားအဖြစ် သတ်မှတ်ပြီး အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) စနစ်နဲ့သာ စေလွှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
“နောက်ပိုင်းမှာ NSSA ရဲ့ အသိအမှတ်ပြု လက်မှတ်နဲ့ပဲ လုပ်သားစေလွှတ်ဖို့ ရှိနေတယ်။ ဒီသတ်မှတ်ချက်ကြောင့် အခု ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းက အလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာ သွားရောက်ပြီး အလုပ် လုပ်ခွင့်ရဖို့ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ မြန်မာပြည်ကထွက်တဲ့ အလုပ်သမားတွေက အများဆုံးက General Worker နဲ့ပဲ သွားကြတာ။ Skilled Worker နည်းတယ်။ General Worker က ပြင်ဆင်ချိန်နည်းတယ်၊ အချိန်ကုန် သက်သာတယ်လေ။ သင်တန်းတွေလည်း တက်စရာမလိုဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
ဒါပေမယ့် ပြည်ပကို အခြေခံလုပ်သားစေလွှတ်မှုထက် ကျွမ်းကျင်လုပ်သားတွေကိုသာ စေလွှတ်နိုင်မယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာနိုင်မယ်လို့ သူက ပြောပါတယ်။
အခုလို သတ်မှတ်လိုက်ခြင်းအားဖြင့် မြန်မာလုပ်သားတွေအတွက် လုပ်ခလစာတွေ များလာနိုင်တဲ့အပြင် ပြည်ပနိုင်ငံတွေကို တရားမဝင် သွားရောက်နေတဲ့ လုပ်သားအရေအတွက်ကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကနေ တရားဝင် အမိန့်ညွှန်ကြားချက် တစုံတရာ ထုတ်ပြန် ညွှန်ကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW