မတ် ၂၆ – ၂၀၂၅
SS (VOM)
ကရင်ပြည်နယ်၊ ဘားအံမြို့က သံလွင်မြစ် သဲသောင်ပြင်မှာ ဧပြီလ တလလုံးနီးပါး သင်္ကြန်ပွဲတော် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ သင်္ကြန်ပွဲတော်ကို “နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်” ခေါင်းစဥ်နဲ့ အခု ၂၀၂၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“သဲသောင်ပြင်သင်္ကြန်ကို ညစျေးတန်းနားက သံလွင်မြစ်မှာ ကျင်းပမှာပါ။ ဒီနှစ်က ပထမဆုံးအကြိမ်ပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း လမ်းလျှောက်သင်္ကြန် စလုပ်တယ်။ ဒီနှစ်တော့ ပိုပြီးစည်ကားသွားအောင် သဲသောင်ပြင်သင်္ကြန်ကိုပါ ထပ်ထည့်တာပေါ့။ ဧပြီလ တလလုံးနီးပါး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ နေရာလေးက ဘားအံကမ်းနား ညစျေးနားလေးတင်ဆိုတော့ မုန့်လည်းစား၊ ရေလည်း ကစားလို့ရပါမယ်။ အခုကတော့ ဘူဒိုဇာကားကြီးတွေနဲ့ မြေညှိတာတွေ လုပ်နေပြီ။ မဏ္ဍပ်ထိုးဖို့၊ LED မီး အလှဆင်ဖို့တွေလည်း လုပ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ သဲသောင်ပြင်သင်္ကြန်ကို ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ တိုက်ရိုက် ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး ပွဲတော်ကာလအတွင်း ဘားအံမြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ရေတံခွန်၊ တောတောင်၊ စိမ့်စမ်းတွေကိုပါ ကြည့်ရှု ခံစားနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ ပွဲတော်ကာလ ပြီးဆုံးပါက ကမ်းခြေတလျှောက်နဲ့ မြစ်ရေထဲ အမှိုက်သရိုက်တွေ ကျန်ခဲ့မှာအပြင် ပွဲတော်ကာလ အတွင်းမှာလည်း မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ တခြားသော ဘေးအန္တရာယ်တွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
“အထူးမှာချင်တာက ကစားကြပြီးရင် အမှိုက်တွေကို သေချာသိမ်းကြဖို့ပါပဲ။ သောင်ပြင် တလျှောက်နဲ့ ရေထဲမှာ ပလက်စတစ်အမှိုက်တွေ ဖွေးပြီးကျန်ခဲ့မှာကိုတော့ မြင်ယောင်သေးတယ်။ နောက်တခု သံလွင်မြစ်ထဲ ရေဆင်းကူးမယ့်သူတွေ၊ ရေဆော့မယ့်သူတွေကို တလက်စတည်း ပြောချင်တာက အန္တရာယ်မဖြစ်အောင် အထူး ဂရုစိုက်ကြစေချင်တယ်။ သံလွင်မြစ်အကြောင်း ဒေသခံတွေက အသိဆုံး။ သံလွင်မြစ်က အစဉ်အလာလည်း ရှိပြီးသားဆိုတော့ ရပ်ဝေးက လာရောက်မယ့်သူတွေအနေနဲ့ ကာလံ ဒေသံအကြောင်း ဂဃနဏသိအောင် အရင်ဆုံး လေ့လာထားကြရင်တော့ အကောင်းဆုံးပါ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
နစကအနေနဲ့ ဘားအံသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေနဲ့ မတူဘဲ အခုနှစ်မှာ အထူး စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ညစျေးတန်းအနီး သံလွင်မြစ်မှာ သဲသောင်ပြင်သင်္ကြန်၊ ကမ်းနားလမ်းတလျှောက်မှာ လမ်းလျှောက်သင်္ကြန်တို့အပြင် ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ် များစွာကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ကရင်ပြည်နယ်အတွင်းမှာ နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကော့ကရိတ်၊ လွိုင်ကော်၊ ကြာအင်းဆိပ်ကြီး၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ စတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ တသန်း နှစ်သိန်းလောက်အထိ ရှိလာနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတင် စစ်ရှောင်အရေအတွက် နှစ်ဆလောက် မြင့်တက်လာတာဖြစ်ကာ အဓိက က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ နစကရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားဆီး ပိတ်ဆို့မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေကို ရင်ဆိုင်နေရပြီး အခက်အခဲ များစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Photo – Khun Khan Thar