အမေရိကန်ကို တင်သွင်းမယ့် မော်တော်ကားတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ မတ်-၂၇-၂၀၂၅
ရတီ(VOM)
အမေရိကန်တင်သွင်းလာတဲ့ ကားနဲ့ ကားပစ္စည်းသွင်းကုန်တွေကို အခွန် ၂၅ ရာခို်ငနှုန်း ကောက်ခံမယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပြီး ကုန်သွယ်ရေးစစ်ပွဲဟာ ပိုမိုပြင်းထန်လာပါတယ်။
မော်တော်ကားတွေအတွက် အခွန်ကောက်ခံမှုကို ဧပြီ ၂ ရက်မှာ စတင်မှာဖြစ်ပြီး ကားပစ္စည်းအစိတ်အပိုင်းတွေကိုတော့ မေလ သို့မဟုတ် အဲဒီနောက်ပိုင်းမှာ အခွန်စတင်ကောက်ခံမယ်လို့ ထရန့်က ပြောပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ အမေရိကန်မှာ အလုပ်အကိုင်နဲ့ ရင်းနှီးမြုပ်နှံမှုများကို လှုံ့ဆော်ပေးပြီး မော်တော်ကားလုပ်ငန်းအတွက် ကြီးမားစွာ တိုးတက်ဖြစ်ထွန်းစေမယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေအကြား ကုန်သွယ်ရေးစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က ကားအစီးရေ ရှစ်သန်းတင်သွင်းခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၄၀ ဘီလီယံထိ ရှိခဲ့ကာ စုစုပေါင်းရောင်းအားရဲ့ ထက်ဝက်ဟာ ပြည်ပတင်သွင်းမှုဖြစ်ပါတယ်။ မက္ကဆီကိုဟာ အမေရိကန်ကို ကားတင်ပို့တဲ့ ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။
သူ့နောက်မှာတော့ တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါနဲ့ ဂျာမနီတို့က မော်တော်ကားတွေ အများဆုံးတင်သွင်းနေကြပါတယ်။ အမေရိကန်ကားကုမ္ပဏီအများအပြားဟာလည်း မက္ကဆီကိုနဲ့ ကနေဒါတို့မှာ လုပ်ငန်းတွေလုပ်ကိုင်နေကြပြီး သုံးနိုင်ငံအကြား ကာလရှည်ကြာ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက်အောက်မှာ လည်ပတ်နေပါတယ်။ထရန့်ရဲ့ အခွန်ကောက်ခံမှုဟာ မက္ကဆီကိုနဲ့ ကနေဒါတို့မှ မော်တော်ကားအစိတ်အပိုင်းတွေ တင်သွင်းမှုကိုတော့ အခွန်ကင်းလွတ်ခွင့်ပြုထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
လက်ရှိကြေညာလိုက်တဲ့ အခွန်ကောက်ခံမှုတွေကို နောက်ပြန်လှည့်နိုင်မယ့် အခွင့်အရေးမရှိဘူးလို့ ထရန့်က သတင်းစာရှင်းလင်းပွဲမှာဆိုပါ။ အမေရိကန်မှာ မော်တော်ကားလာပြီး ထုတ်လုပ်ရင် အခွန်အခရှိမှာ မဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW