ငလျင်အခက် ကုန်ဈေးနှုန်း အတက်

SS (VOM)
မြန်မာနိုင်ငံမှာ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အထွေထွေ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ငလျင်လှုပ်ခတ်မှုကို စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ အဆိုးရွားဆုံး ခံစားခဲ့ရတာပါ။ ငလျင်က နေအိမ်၊ အဆောက်အအုံ၊ လမ်း၊ တံတား အများအပြားကို ဖျက်စီးခဲ့ပြီး လူ့အသက်ပေါင်းများစွာနဲ့ ဘဝပေါင်း များစွာကို ပျက်စီးစေခဲ့တာပါ။
ငလျင်ကြောင့် စိတ်ဒဏ်ရာ ကြီးမားခဲ့တဲ့ လူထုအတွက် နောက်ထပ် ထိုးနှက်လာတဲ့ အရာတခုကတော့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ ဝိသမလောဘသားတွေရဲ့ ကိုယ်ကျိုးရှာမှု ဆိုရင်လည်း မမှားပါဘူး။
ငလျင်ကြောင့် ထိခိုက်မှု အများဆုံးဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာဆိုရင်လည်း ကုန်စည်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန် – မန္တလေးလမ်းပိုင်းရှိ လမ်းတံတားတွေလည်း ပျက်စီးခဲ့တဲ့အတွက် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ခတွေ နှစ်ဆကျော် မြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွဲကူးရေပါ ဆိုသလို ကုန်ဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မန္တလေး ကုန်စည်ပို့ဆောင်ရေးဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ၊ လူသုံးကုန်၊ စားသောက်ကုန်တွေ အဓိက ပို့ဆောင်နေတာ ဖြစ်ပါတယ်။ တန်ဆာခကတော့ အရင်က ဂျပ်ဖာတဘူးကို ကျပ်နှစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ အခုတော့ ခြောက်သောင်းကျော် ဖြစ်လာပြီလို့ ဆိုပါတယ်။ လက်ဆွဲအိတ် တလုံး ဆိုရင်လည်း လေးထောင်ကျပ်ကနေ အမြင့်ဆုံး တသောင်းရှစ်ထောင်ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။
လမ်းတံတားတွေ ပျက်စီးခဲ့ရတဲ့ ရန်ကုန် – မန္တလေးလမ်းကို ယာဉ်ငယ်တွေသာ သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။ စစ်ကိုင်းတံတားကိုလည်း ကုန်ကားတွေ အကန့်အသတ်နဲ့သာ ဖြတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ရေကြောင်းကနေ အများဆုံး သယ်ယူ ပို့ဆောင်နေရပြီး သင်္ကြန်အပြီး လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကြောင့် တန်ဆာခတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ကုန်ဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေတာမှာ ဆန်ကတော့ အလတ်စ တအိတ် တသိန်းရှစ်သောင်းကျပ်ဝန်းကျင်၊ ဆန်ညံ့ဆိုရင် တသိန်းလေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။ စားအုန်းဆီကတော့ တပိဿာကို ကျပ် တသောင်း လေးထောင်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းက တချို့သော ဒေသတွေမှာ လျှပ်စစ်မီး လုံးဝ ပြတ်တောက်နေတာနဲ့ မကြာခဏ မီးပြတ်တောက်တာတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေ ချက်ပြုတ်ရေးအတွက် မီးသွေးတွေကို အားထားအသုံးပြုနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မီးသွေးဈေးတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာ ငလျင်မလှုပ်ခတ်မီအချိန်က မီးသွေး တအိတ်ကို ကျပ် တသောင်း ခုနစ်ထောင်သာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မီးသွေး တအိတ်ကို ကျပ် နှစ်သောင်းခွဲကနေ သုံးသောင်းခွဲအထိအထိ ဈေးတက်နေကာ မီးသွေး အမျိုးအစားပေါ် မူတည်ပြီး ဈေးအနည်းငယ် ကွာဟမှုရှိတယ်လို့ သိရပါတယ်။
“ကုန်ဈေးနှုန်း တက်လာတော့ ဓာတ်ဆီလည်း တန်းစီရ၊ဆန်၊ ဆီ၊ ဆား ဝယ်လည်း တန်းစီနေရတယ်။ ဒါတောင် ဆိုင်တိုင်းမရောင်းဘူး” လို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။
ဒါအပြင် ဘိလပ်မြေ၊ အုတ်၊ သံ စတဲ့ ပစ္စည်းတွေ စျေးတက်သွားသလို လိုသလောက်ဝယ်မရဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ငလျင်မလှုပ်မီက မန္တလေးမြို့မှာ ဘိလပ်မြေဈေး အမျိုးအစားပေါ်မူတည်ပြီး တအိတ်ကို ကျပ် တသောင်းခွဲကနေ နှစ်သောင်းကြား ရှိခဲ့တယ်လို့ သိရပါတယ်။ ငလျင် လှုပ်ခတ်ပြီးနောက်မှာတော့ ဧပြီလပထမအပတ်အတွင်း ကျပ် လေးသောင်းကျော်အထိ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ကျပ် လေးသောင်းဝန်းကျင်အထိ ပေါက်စျေး ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် သံစျေးကလည်း တတန်ကို ကျပ် ငါးသိန်းဝန်းကျင်ထိ စျေးခုန်တက်သွားတယ်လို့ သိရပါတယ်။ ၃ မူးလုံးသံချောင်း တတန်ကို ၂၁ သိန်းကျော်၊ ၅ မူးလုံးသံချောင်း တတန် ၂၃ သိန်းကျော်၊ ၆ မူးလုံးသံချောင်း တတန်ကို ၂၆ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ သံအရည်အသွေးပေါ် မူတည်ပြီး စျေးအပြောင်းအလဲလည်း ရှိနေတယ်လို့လည်း စျေးကွက်အတွင်းက သိရပါတယ်။
ငလျင်ကြောင့် အုတ်လုပ်ငန်းတွေ လည်း ပျက်စီးသွားတဲ့အတွက် သင်္ကြန်မတိုင်ခင်က စျေးကွက်မှာ အုတ်စျေးနှုန်းပင် စျေးမဖွင့်နိုင်တော့ဘဲ ဝယ်မရတဲ့ အခြေအနေထိ ဖြစ်သွားတယ်လို့ သိရပါတယ်။ ဧပြီ ၂၂ ရက်မှာတော့ မြေအုတ်တလုံးကို ၃၆၀ ကျပ်အထိ ပေါက်စျေးရှိပြီး လိုအပ်သလောက် ဝယ်ယူလို့မရသေးဘူးလို့ အုတ်ကားမောင်းသူတွေဆီက သိရပါတယ်။ ဒါအပြင် စက်ရိုက်အုတ် (ကျောက်အုတ်) လည်း တလုံး ၃၆၀ ကျပ်အထိ ပေါက်စျေးရှိလာတယ်လို့ ဆိုပါတယ်။
ဒါအပြင် ငလျင်ဒဏ်သင့် ဒေသတွေထဲက တခုဖြစ်တဲ့ နစက ရုံးစိုက်ရာ နေပြည်တော်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိ နေရာတချို့မှာ ဈေးတွေ ပြန်လည် ဖွင့်လှစ်နေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နေအိမ်တွေ ဆောက်လုပ်ရာမှာ အဓိက အသုံးပြုကြတဲ့ ဒေသထွက် ဓနိချပ်တွေက အချပ် ၁၀၀ ကို ကျပ် ခြောက်သောင်းအထိ ဈေးမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်မလှုပ်ခင် ဖေဖော်ဝါရီလနဲ့ မတ်လ တတိယအပတ်က ဓနိချပ် ၁၀၀ ကို ကျပ် နှစ်သောင်းခွဲကနေ နှစ်သောင်းခုနစ်ထောင် အထိသာ ဈေးအမြင့်ဆုံး ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်ကာလပြီးနောက် ဓနိချပ် ၁၀၀ ကို ကျပ် လေးသောင်းအထိ ဈေးတက်လာပြီး လက်ရှိမှာတော့ ဓနိချပ် ၁၀၀ ကို ကျပ် ခြောက်သောင်းခွဲဈေး ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အခုက ဓနိချပ် ၁၀ ပျစ်ကို ၆၀၀၀၊ ၁၀၀ ဆို ခြောက်သောင်းဈေး ဖြစ်နေပြီ။ အရင်က လေးသောင်း၊ အဲဒီကနေမှ ငါးသောင်း၊ အခု ခြောက်သောင်း ဖြစ်နေတာ။ ဒါပေမယ့် အဲဒီ ခြောက်သောင်းဈေးတောင် ဓနိချပ်က ဝယ်လို့မရဘူး။ အခုက အိမ်ပေါ် ဘယ်သူမှ မနေရဲကြတော့ဘူးလေ။ တဲလေးတွေဆောက်ပြီးပဲ နေနေကြတာ အများကြီးပဲ။ အဲဒါကြောင့် ဈေးတွေ တက်လာတာ။ တချို့ကလည်း အိမ်ရှေ့မှာ ဓနိချပ်နဲ့ အဖီလေးတွေဆွဲပြီး နေကြတယ်” လို့ နေပြည်တော်မှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ငလျင်ဘေးကြောင့် ဘိလပ်မြေ စက်ရုံတချို့လည်း ထိခိုက် ပျက်စီးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ဆောက်ပစ္စည်း ဈေးကွက်မှာ ဘိလပ်မြေဈေးတွေလည်း အဆမတန် မြင့်တက်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘိလပ်မြေကို ပြည်တွင်းမှာ ထုတ်လုပ်ရုံသာမက ပြည်ပကနေလည်း မှာယူတင်သွင်းနေတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ဘိလပ်မြေစက်ရုံ ကိုးရုံ ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဘိလပ်မြေ စက်ရုံတွေထဲက မန္တလေးတိုင်းအတွင်းက စက်ရုံ လေးရုံနဲ့ နေပြည်တော်က စက်ရုံ တရုံ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် အိမ်ဆောက်ပစ္စည်း ဈေးကွက်ရဲ့ အဓိကအရေးပါတဲ့ ကုန်မာတမျိုးဖြစ်တဲ့ ဘိလပ်မြေဈေးတွေဟာလည်း အဆမတန် မြင့်တက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဈေးသာတက်နေတာ တက်ဈေးနဲ့ဝယ်မယ်ဆိုရင်တောင် ဘိလပ်မြေက ဝယ်မရဘူး။ ဆိုင်တွေကလည်း ပစ္စည်းပြတ်တယ်ပဲ ပြောနေကြတယ်။ ပစ္စည်းသာ ပြတ်တယ်ပြောတာ ကျွန်တော်သိတဲ့ ဆိုင်တဆိုင်ဆို တနေ့တနေ့ ဘိလပ်မြေကားကြီးတွေ ရောက်ရောက်လာတာ ကားပေါ်မှာ ဘိလပ်မြေတွေ အပြည့်ပဲ။ ဆိုင်သွားမေးလိုက်ရင်တော့ မရှိဘူးချည်းပဲ ပြောနေတာ” လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ငလျင်မလှုပ်ခင်ကတော့ ဈေးကွက်မှာ ဘိလပ်မြေ တအိတ်ကို ကျပ် တသောင်းကိုးထောင် ဝန်းကျင်သာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ပြီးတဲ့နောက်မှာတော့ ဘိလပ်မြေဈေးက တအိတ်ကို နှစ်သောင်းရှစ်ထောင်ကျပ်လောက် ဖြစ်လာပြီး အဲဒီနောက်ပိုင်းမှာတော့ ဘိလပ်မြေ တအိတ် ကျပ် သုံးသောင်းခုနစ်ထောင်၊ လေးသောင်းတထောင်ကနေ လေးသောင်းခွဲအထိ ပေါက်ဈေးရှိလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ ကော့သောင်းနယ်စပ်မှတဆင့် ရန်ကုန်ကိုတင်သွင်းတဲ့ ဘိလပ်မြေအိတ်တွေဟာ ဈေးကွက်အတွင်း ဆက်လက် ဝင်ရောက်လျက်ရှိပေမယ့် သက်ဆိုင်ရာကို သွင်းကုန်ပါမစ် လျောက်ထားဈေးအရ ဘိလပ်မြေ တတန်ကို ကျပ် ငါးသိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ ဘိလပ်မြေကို ပြင်ပမှ တင်သွင်းခွင့်ပေးရာမှာ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဖြေလျော့မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိ ဈေးကွက်မှာ Alpha အမျိုးအစား ဘိလပ်မြေအပြင် AAA၊ ကြံ့နှစ်ကောင်၊ အပါချီ၊ Yojin၊ ဆင်မင်း အစရှိတဲ့ ဘိလပ်မြေအမျိုးအစား များစွာ ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့က အရောင်းဆိုင် တချို့မှာတော့ ဘိလပ်မြေကို တယောက်ကို အိတ်ရေ ၂၀ နှုန်း၊ အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ ဆိုင်တွေလည်း ရှိနေပါတယ်။ ဆိုင်တချို့ကတော့ ဘိလပ်မြေကား အဝင်မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အရောင်းရပ်ထားကြတယ်လို့ သိရပါတယ်။

ဒါအပြင် သစ်စျေး‌ကွက် အတွင်းမှာလည်း ဈေးနှုန်းတွေ မြင့်တက်လာသလို သစ်ကောင်းတွေလည်း ရှားပါးလာနေတယ်လို့ သိရပါတယ်။ လက်ရှိ သစ်ဆိုင်တွေမှာ အင်ကညင် ၁၀ ပေအထက် တတန်ကို ၁၅ သိန်း၊ ပန်းစုံ ၁၀ ပေအထက် တတန် ၁၂ သိန်းခွဲ၊ တောင်သရက် အဖြူ/အနီ ၁၀ ပေအထက် တတန် ၁၀ သိန်းခွဲ စတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“သစ်ဈေး တက်နေတော့ ဈေးကွက်မှာ သစ်အဟောင်းတွေကို လိုက်ရှာဝယ်ပြီး အိမ်ဆောက်တဲ့သူတွေ များလာတယ်။ တချို့ကတော့ ဈေးပေါတဲ့ သစ်တွေကို အစားထိုး ဝယ်သုံးကြတာရှိတယ်” လို့ လက်သမားတယောက်က ပြောပါတယ်။
အခုလို အိမ်ဆောက်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်နေတဲ့အတွက် သဘာဝ ဘေးအန္တရာယ်ကြောင့် အိုးအိမ်ပျက်စီး ဒုက္ခတွေ့နေရတဲ့ ငလျင်ဘေးဒဏ်သင့် ဒေသက ပြည်သူတွေ အခက်တွေ့နေကြရတာပါ။ နစက ကတော့ ငလျင်ဘေးကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်နိုင်ဖို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ သံနဲ့ သွပ်တွေကို နိုင်ငံတော်မှ သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
လက်ရှိ ငလျင်သင့်ဒေသတွေမှာ အခြေခံ စားသောက်ကုန်အပါအဝင် တခြားသော ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါအပြင် ငလျင်ဒဏ် ခံစားခဲ့ရခြင်းမရှိတဲ့ ဒေသတွေမှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်လျက် ရှိနေတာပါ။
ရက်ပိုင်းအတွင်း ဆန်၊ သောက်ရေသန့်၊ မီးသွေး၊ ဂက်စ်၊ သုံးရေ၊ မီးဖိုချောင်သုံး စားသောက်ကုန်၊ အသီးအရွက်၊ အသားငါး၊ ကုန်ခြောက်၊ ကြက်ဥ၊ ဘဲဥနဲ့ မုန့်တချို့ ဈေးတွေ မြင့်တက်လာပါတယ်။ အဲဒီလိုပဲ တခြား အသုံးအဆောင် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
“ကုန်‌ဈေးနှုန်းတွေက တက်သလားမမေးနဲ့။ ဆားတထုပ် လေးရာကနေ ချက်ချင်း ကိုးရာ ဖြစ်သွားတယ်။ ရေသန့်တဘူးကို အရင် ကျပ် ၉၀၀ ကနေ အခု ၁၂၀၀ ပေး သောက်ရတယ်။ သုံးရေက တစည်ကို ၇၀၀ ကျပ် ကနေ အခု ၁၀၀၀ ဖြစ်သွားတယ်။ ဆန်ကလည်း ရွှေဘိုဆန်ဆိုရင် အရင်ဈေးထက် ခုနစ်သောင်းလောက် ခုန်တက်သွားတယ်။ ဆိုင်တွေကတော့ လမ်းတွေမကောင်းလို့၊ ဆန်အဝင် နည်းသွားလို့ ဈေးတွေတက်တယ် ပြောတာပဲ။ ကြက်ဥ ဆိုရင်လည်း ၄၀၀ ဈေး မရှိ‌တော့ဘူး။ အသေးဆုံး အလုံးဆို ၅၀၀ ဖြစ်နေပြီ။ ဘဲဥကလည်း တလုံး ကျပ် ၇၀၀ ဈေး ဖြစ်သွားပြီ။ အခြေခံ လက်လုပ်လက်စား သမားတွေအတွက် လိုက်မမီနိုင်တဲ့ဈေးတွေ ဖြစ်နေတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် နေပြည်တော်မှာလိုပဲ ရန်ကုန်မှာလည်း ဓနိချပ်ဈေးတွေ မြင့်တက်နေတာပါ။ ငလျင်မလှုပ်မီက ဓနိချပ် ၁၀၀ ကို ကျပ် တသောင်းခွဲသာ ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ကျပ် သုံးသောင်းသုံးထောင် ဖြစ်လာပြီး တပတ်အကြာမှာတော့ ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ငလျင်သက်ရောက်မှုမှာ ပါဝင်ခြင်း မရှိခဲ့တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရှိ မြို့နယ်တချို့မှာလည်း စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဘိလပ်မြေ၊ ပိုက်၊ သံချောင်း စတဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေရဲ့ စျေးနှုန်းတွေအပြင် ဆေးဝါးဈေးတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် အရောင်းဆိုင်တွေအနေနဲ့ ကုန်ပစ္စည်း သို‌လှောင်တာ၊ ဈေးကစားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့မှာ အရင်က ပါရာစီတမော တကတ်ကို ကျပ် ၃၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိမှာ ၅၂၀၀ ကျပ်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။ အရက်ပြန် တဘူး အရင်က ၁၂၀၀ ကျပ်ဝန်းကျင်သာ ပေးရပေမယ့် ငလျင်အပြီး ကျပ် ၂၀၀၀ ကျော်၊ ဂွမ်း အသေးတထုပ် အရင်က ၅၀၀ ဝန်းကျင်သာရှိခဲ့ရာမှ အခု သုံးထုပ်ကို ကျပ် ၂၀၀၀ နှုန်း ပေးဝယ်နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
အလားတူ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် စတဲ့ ငလျင်ဒဏ်သင့် ဒေသတွေအတွက် ကူညီဖို့ ဆေးဝါး၊ စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရာမှာလည်း စျေးနှုန်းမြင့်တက်မှုတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက သူတို့တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသား ဖော်ပြထားပါတယ်။
ကုန်သည်တွေဘက်ကတော့ နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတွေ ငလျင်ဒဏ် ခံထားရတာကြောင့် ပျက်စီးကုန်တဲ့အတွက် ကုန်စည်ပို့ဆောင်မှုတွေ နှောင့်နှေးနေတယ်လို့ ပြောဆိုထားပါတယ်။ ငလျင်ကြောင့် သေကံမရောက်၊ သက်မပျောက်ခဲ့တဲ့ ပြည်သူတွေအတွက်ကတော့ လတ်တလော ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် နေရေးခက်တဲ့ဘဝကို ကြိုးစား ဖြတ်သန်းနေကြရပါတယ်။
မတ် ၂၈ ရက် ပြင်းထန်ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ လူနေ တိုက်တာအဆောက်အအုံ စုစုပေါင်း လေးသောင်း ရှစ်ထောင့်ရှစ်ရာ သုံးဆယ့်လေးလုံးနဲ့ ဘုရားစေတီပုထိုးပေါင်း ၅၂၇၅ ဆူ ပြိုကျ ပျက်စီးစေခဲ့ပါတယ်။ အဲဒီလိုပဲ ဆည်မြောင်းတမံ ၁၉၈ ခု၊ တံတား ၁၄၈ စင်းနဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး ကားလမ်း၊ ရထားလမ်း ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါအပြင် အမြန်လမ်းမကြီးတလျှောက် အပိုင်း ၁၄၈ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ နစက က သတင်း ထုတ်ပြန်ထားပါတယ်။ ။

Related posts

Leave a Comment

VOM News

FREE
VIEW