တရုတ်အရှေ့မြောက်ပိုင်း စားသောက်ဆိုင်မီးလောင်မှု ၂၂ ယောက်သေဆုံး

ပေကျင်း၊ ဧပြီ-၃၀-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ စားသောက်ဆိုင်တဆိုင် မီးလောင်မှုကြောင့် လူ ၂၂ ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စားသောက်ဆိုင်ဟာ နှစ်ထပ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းချိန်မှာ လေပြင်းတွေတိုက်ခတ်မှုကြောင့် လျင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားပါတယ်။ မကြာခင်မှာ မေလရုံးပိတ်ရက်ကာလကို ရောက်ရှိတော့မှာကြောင့် အများပြည်သူဘေးကင်းလုံးခြုံရေး အရေးကြီးတယ်လို့ ဆိုပါတယ်။
အဆောက်အအုံနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းလုံခြုံမှု လျော့ရဲမှုတွေကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ မကြာသေးမီကာလတွေအတွင်း မြင့်တက်လာပါတယ်။ ယခုလအတွင်း နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၂၀ သေဆုံးခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း ပေကျင်းအနောက်မြောက်ပိုင်း စျေးတခုမီးလောင်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး ၁၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမတိုင်ခင်တလအလိုက နိုင်ငံအရှေ့ပိုင်း ရောင်ချန်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မီးလောင်မှုကြောင့် လူကိုးယောက်သေဆုံးခဲ့ပါတယ်။
Ref:CNA
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW