နေပြည်တော်မှာ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေကို မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ ပြန်ပြင်ဆင်ရတော့မယ်

ဧပြီ ၃၀ – ၂၀၂၅
SN (VOM)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ ရုံးဌာနနဲ့ အဆောက်အအုံတွေကို မူလ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေက ပြန်လည်ပြင်ဆင် တည်ဆောက်ပေးရမယ်လို့ နစက က တရားဝင် အသိပေး ကြေညာလိုက်ပါတယ်။
မနေ့ ဧပြီ ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို နည်းလမ်းသုံးမျိုးနဲ့ ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်ပြီး ရုံးဌာန၊ အဆောက်အအုံတွေကို ပြန်လည် ပြင်ဆင်နိုင်ဖို့အတွက် မူလ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ လက်ရှိ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကို တာဝန်ပေး ဆောင်ရွက်ခြင်းနဲ့ အင်ဂျင်နီယာအသင်း သုံးသင်းမှ သတ်မှတ် ထောက်ခံပေးထားတဲ့ ကုမ္ပဏီတွေကို တာဝန်ပေး ဆောင်ရွက်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးတဲ့ မြို့ပြအင်ဂျင်နီယာတွေ ပါဝင်တဲ့ ပညာရှင်တွေကို ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ခန့်မှန်းကုန်ကျငွေ (Estimate) တွေ တွက်ချက်ကာ သက်ဆိုင်ရာ ပြုပြင် တည်ဆောက် ရေးအဖွဲ့မှတဆင့် ကော်မတီကို တင်ပြရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အစည်းအဝေးမှာ ပြောကြားထားပါတယ်။
ဒါအပြင် နစကအနေနဲ့ နေပြည်တော် တည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေကိုလည်း နေပြည်တော် စည်ပင် သာယာရေး ကော်မတီကို ဆက်သွယ်ကြဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကတဆင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
နေပြည်တော်ကို ဆောက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာ ထင်ရှားတဲ့ ကုမ္ပဏီတွေကတော့ ထူး၊ အေဒင်၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ IGE၊ ဧရာရွှေဝါ၊ ACE၊ A1၊ OREGINAL GROUP၊ WHK၊ TZTM၊ တက်လမ်း၊ မဟာရဲတံခွန်၊ အောင်ကောင်းကျော်၊ ရွှေဘုရင် စတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ သိရပါတယ်။
“နေပြည်တော်က အဆောက်အအုံတွေက မြေငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အအုံတွေ မဟုတ်ဘူး။ ပိုင်ဖောင်ဒေးရှင်းလည်း မရှိဘူး။ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ အဆောက်အအုံ မှန်သမျှက မြေငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံ တခုမှမပါဘူး။ ပြီးတော့ ဖောင်ဒေးရှင်းမှန်သမျှကလည်း ပိုင်ဖောင်ဒေးရှင်းဆိုတာ ရှိတယ်လေ။ အထက်မြင့် အဆောက်အအုံတွေမှာ ပိုင်ရိုက်ရတယ်။ အဲဒီ ပိုင်ဖောင်ဒေးရှင်း တခုမှမရှိဘူး” လို့ နေပြည်တော် တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတယောက်က ပြောပါတယ်။
အဆောက်အအုံတွေ တည်ဆောက်စဉ်က ငလျင်ဒဏ်ခံနိုင်ရေး ထည့်သွင်းစဉ်းစားဖို့ ညွှန်ကြားခြင်း မရှိခဲ့ဘဲ တည်ဆောက်ရေးလုပ်ငန်းတွေ အမြန်ဆုံး ပြီးစီးရေးကိုသာ ဆော်ဩခဲ့တယ်လို့ သူက ပြောပါတယ်။
“အခု ပြန်ဆောက်မယ်ဆိုရင်တော့ ငလျင်ဒဏ်ခံနိုင်ဖို့ အဓိက ထားကြတော့မှာပေါ့။ ဒါပေမယ့် တချို့နေရာတွေက မြေကြီးတွေ ထက်ခြမ်းကွဲနေတဲ့ နေရာတွေရှိတယ်။ အဲဒီလို နေရာမျိုးကျတော့ မဆောက်သင့်တော့ဘူးပေါ့။ ရိုးရိုးတန်းတန်း ဘာမှ မဖြစ်ဘူးဆိုတဲ့ မြေကြီးတွေ ဆိုရင်လည်း တချို့မြေကြီးတွေက စိတ်မချရဘူး။ တူးလိုက်လို့ရှိရင် ကလိုင်တွေရှိတာတို့၊ ပေါ်ရင်ပေါ်လာမှာလေ။ မြေကြီးရဲ့ မျက်နှာပြင်က ဘောလုံးကွင်း မျက်နှာပြင်လို ဖြစ်နေပေမယ့် တူးလိုက်တဲ့အခါမှာ အောက်မှာ ကလိုင်ကြီးတွေ ဖြစ်နေတာတွေ၊ ကလိုင်ပေါက်တွေ ဖြစ်နေတာတွေလည်း ရှိနိုင်တာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ပြိုကျထားတဲ့ နေရာတွေမှာ အဆောက်အအုံ အသစ်တွေ ပြန်လည် တည်ဆောက်နိုင်ဖို့ အပျက်အစီး ရှင်းလင်းရေး လုပ်ဆောင်မယ် ဆိုရင်လည်း အချိန်များစွာ ယူရမယ့်အပြင် စရိတ်စက များစွာလည်း ကုန်ကျမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ငလျင်ဒဏ်ခံနိုင်ရည်ရှိ အဆောက်အအုံတွေ ဖြစ်လာဖို့အတွက် နည်းပညာ၊ ကျွမ်းကျင်မှု လိုအပ်တဲ့အပြင် အသုံးပြုရမယ့် အိမ်ဆောက်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းကိုလည်း စမ်းစစ်ဖို့လိုတယ်လို့ ပြောပါတယ်။
“ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံ ဆိုတာလည်း ဂျပန်နိုင်ငံတောင်မှ ရာနှုန်းပြည့် မနိုင်သေးဘူးလေ။ ပြီးတော့ ငလျင်ဒဏ် ခံနိုင်ရည်ရှိရမယ့် အဆောက်အအုံ ဆိုတာကလည်း ငလျင်ဗဟိုချက်နဲ့ နီးမနီး တွက်ချက်ရမယ်၊ မြေသားအခြေအနေ အပျော့အမာ စစ်ရမယ်၊ ပြည်ကနေ ဆောက်လုပ်ရေးပစ္စည်းတွေ သွင်းမယ်ဆို quality အဆင့်မီတဲ့ ပစ္စည်းတွေဖြစ်ရေး ဦးစားပေးရမယ်၊ နောက်တခု အင်ဂျင်နီယာပိုင်း တကယ်နိုင်နင်း တတ်ကျွမ်းဖို့လည်း အရေးကြီးတယ်။ တချို့က ပြီးပြီးရောတွေ လုပ်ကြတာ။ အိမ်နှစ်ထပ်လောက်ပဲ ဆောက်ဖူးတဲ့သူတွေကို အထပ်မြင့်တွေ အများကြီးပါတဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာမျိုးပေါ့။ ဈေးပေါပေါနဲ့ ပြီးပြီးရောတွေ လုပ်ကြတာ။ ပြင်ရမှာတွေကတော့ အများကြီး။ စိတ်ဓာတ်ပိုင်း ဆိုင်ရာတွေကအစ အကုန်ပြင်ရမှာ” လို့ သူက ပြောပါတယ်။
နစက ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေ အသစ်ပြန်လည် တည်ဆောက်နိုင်ဖို့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြေစမ်းသပ်မှု (Soil Test) တွေ ဆောင်ရွက်ပြီးမှသာ တည်ဆောက်ခြင်းနဲ့ ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ ဧပြီ ၂၅ ရက်နေ့က ပြောကြားထားပါတယ်။
ဧပြီ ၂၄ ရက်နေ့အထိ နစက က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ခြောက်သောင်း သုံးထောင့်ရှစ်ရာ ငါးဆယ့်လေးလုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ တခြား ဘာသာရေး အဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW