ဗန်းမော်တိုက်ပွဲ ပြင်းထန်နေပြီး မြို့ထဲ မီးလောင်မှုတွေ ဖြစ်ပွား

ဧပြီ ၃၀၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ် ဗန်းမော်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မြို့ထဲ မီးလောင်တာတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗန်းမော်မြို့ထဲဘက်မီးလောင်နေတာ မနေ့ကတည်းက ဒီမနက် မိုးလင်းခါနီး အထိပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်ကစ ဗန်းမော် သီရိရတနာဈေးကြီး ကနေ စလောင်တယ်လို့ ကြားသိရပြီး မီးက မငြိမ်းသေးဘဲ မြို့မရပ်၊ မင်းကုန်းရပ်ကွက် တွေဘက်ပါ ကူးစက် လောင်ကျွမ်းနေတဲ့ အပြင် စိန်သစ္စာဆေးရုံနဲ့ ဒံပေါက်ဆိုင် တွေဘက်လည်း မီးလောင်ကျွမ်းခဲ့တယ် လို့ သိရကြောင်း သူက ပြောပါတယ်။
“လေယာဉ် တွေ ဒရုန်းတွေနဲ့ ဗုံးကျလို့ လောင်တာ လို့ သိရတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
နှစ်ဖက်စလုံး ထိခိုက်မှု များပြီး စစ်တပ် စခန်း တွေဖြစ်တဲ့ ခလရ ၄၇ နဲ့ စကခ ၂၁ တွေ အပါအဝင် မြို့ထဲက ဌာနဆိုင်ရာရုံးတချို့နဲ့ မြို့ထဲ နေရာ ၇ ခုထက်မနည်းမှာ တိုက်ပွဲ ဖြစ်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
လေကြောင်း နဲ့ ဒရုန်း ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ပြင်းထန်လို့ စစ်မြေပြင်နဲ့ နီးတဲ့ ကချင်စုရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်တွေမှာ နေအိမ်အပျက်အစီးများပြီး မီးလည်း လောင်ကာ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စကခ -၂၁ ရဲ့ ဗဟိုကင်းဘက်ကို KIA နဲ့ ပူးပေါင်းတပ် စစ်ကြောင်းရောက်သွားပြီ ဖြစ်ပေမယ့် ဗဟိုကင်းတော့ မကျဘူး သိရပြီး ေလကြောင်းကနေ အပြင်းအထန် ခုခံ နေရကာ အထက – ၃ ဘက်က ကာကင်းကျသွားပြီလို့ နစက တပ်ဖွဲ့ နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
လက်ရှိ စကခ -၂၁ ကို KIA နဲ့ ပူးပေါင်း တပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေပြီး နစက တပ်ဖွဲ့ဘက်က လေကြောင်းနဲ့ ဒရုန်း အားသာ ချက်ရှိနေတာကြောင့် မကြာခင်ပြန်ဆုတ်ကြလိမ့်မယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ပေါ် KIA နဲ့ ပူးပေါင်း တပ်ပေါင်းစု နဲ့ နစက တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားတာ ငါးလ ကျော်ခန့် ရှိလာပြီ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့ရဲ့ အများစု ပျက်စီးသွားပြီ ဖြစ်ပါတယ်။
Photo Crd# ဦးလေးလွင်

Related posts

Leave a Comment

VOM News

FREE
VIEW