မြန်မာနိုင်ငံမှာ အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ အာဆီယံအလှည့်ကျဥက္ကဌ တိုက်တွန်းပြန်

ကွာလာလမ်ပူ၊ ဧပြီ-၃၀-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ ဧပြီ ၃၀ ရက်ထိ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်သက်တမ်းတိုးဖို့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက် အပစ်ရပ်ကြောင်း နစက က ကြေညာခဲ့ပြီး နောက်တကြိမ်မှာတော့ ဧပြီ ၃၀ ရက်ထိ အပစ်ရပ်သက်တမ်း တိုးခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေးဟာ ငလျင်ဒဏ်အပါအဝင် ထိခိုက်ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ လွယ်ကူချောမွေ့စေဖို့ မရှိမဖြစ် လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
နစက ဥက္ကဌ ၊ NUG ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ရာမှာလည်း အခုလို ပြောကြားခဲ့တယ်လို့ အီဘရာဟင်က ပြောပါတယ်။ ဘက်လိုက် ၊ ကန့်သတ်တာတွေမရှိဘဲ အကူအညီတွေပေးအပ်နိုင်ရမယ်လို့ သူက ပြောပါတယ်။
မလေးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တစိုက်မတ်မတ် ထောက်ခံအားပေးနေပြီး အရပ်သားတွေ ဘေးကင်းလုံခြုံရေးအာမခံချက်ဟာ အရေးကြီးတယ်လို့့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ စင်ကာပူဝန်ကြီးချုပ် လော့ရင့်စ်ဝေါင်တို့နဲ့လည်း ဧပြီ ၂၉ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ထားပါတယ်။
Ref:The Sun

Related posts

Leave a Comment

VOM News

FREE
VIEW