ဒေလီ၊ ဧပြီ-၃၀-၂၀၂၅
မျိုးဆက် (VOM)
အိန္ဒိယဟာ လာမယ့် ၂၄ နာရီကနေ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ရေးအရတိုက်ခိုက်ဖို့ရည်ရွယ်နေကြောင်း ယုံကြည်ရတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေရရှိထားတယ်လို့ ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ တို်ကခိုက်မှုနောက်ကွယ်မှာ ပါကစ္စတန်ရှိတယ်လို့ အိန္ဒိယက စွပ်စွဲပြီးနောက် အာတွတ်လာတာရာက အခုလို ပြောဆိုလာတာပါ။
ဒီတိုက်ခို်ကမှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ပါကစ္စတန်က ငြင်းဆိုထားပါတယ်။ အိန္ဒိယဟာ ပါကစ္စတန်ကို တိုက်ခိုက်ဖို့အတွက် မှားယွင်းတဲ့အကြောင်းပြချက်တရပ်ကို အသုံးပြုဖို့ရည်ရွယ်နေပြီး စစ်ရေးလုပ်ဆောင်မှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်က ဆိုပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ ကမ္ဘာ့လှည့်ခရီးသွားတွေလာရောက်လေ့ရှိတဲ့ ပါဟယ်ဂမ်အနီး တိုက်ခိုက်မှုဟာ အငြင်းပွားရာနယ်မြေမှာ ဆယ်စုနှစ်များစွာအတွင်း အသေအပျောက်အများဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။
တိုက်ခို်ကမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုတွေနဲ့အတူ နောက်ထပ် ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။ ဒီဒေသမှာ ၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်သူပုန်ထမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ လက်ရှိပိုင်းခြားထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ဒီကိစ္စကြောင့် နှစ်ကြိမ်တိုင် စစ်ခင်းခဲ့ဖူးပါတယ်။ မကြာသေးမီရက်အတွင်းကလည်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုပြီးနောက်မှာ နှစ်နိုင်ငံသံတမန်တွေကို အပြန်လှန်နှင်ထုတ်မှုတွေ၊ နိုင်ငံသားတွေကို ဗီဇာပေးတာရပ်ဆိုင်းတာတွေ၊ လေကြောင်းလိုင်း ပိတ်ပင်တာတွေအပါအဝင် သံတမန်ရေးရာ တင်းမာမှုတွ မြင့်တက်နေပါတယ်။
Ref:BBC
Photo:AFP/Getty Images