ဝမ်းနည်း ဝမ်းသာ လားရှိူးပြန်အလာ

Shy V (VOM)
ကျမဟာ ကိုယ့်မြို့ကို ချစ်တယ်။ ကိုယ့်မြို့မှာဘဲ ပျော်ပါတယ်။ မလွဲသာလို့ခွဲခွာခဲ့ရပေမယ့် ခုပြန်ခွင့်ရပြီဆိုတော့ ရင်ခုန်စွာနဲ့ ကိုယ့်ဇာတိဆီကိုပြန်ခဲ့ပါပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်က ငလျင်ပဲ လှုပ်လှုပ်၊ စစ်ပဲ ဖြစ်ဖြစ် ဘယ်မှ မပြေးတော့ပါဘူး၊ လားရှိုးမှာပဲ နေပါတော့မယ် ဆိုပြီး တောင်ကြီးကနေ လားရှိုးကို ဆိုင်လေးပါ အပြီး ရွှေ့ခဲ့ပါပြီ။
ကားပေါ်မှာ ထိုင်စရာ နေရာတောင် မရှိအောင် တင်လာတဲ့ကား ကားစက်ပူမှာစိုးလို့ ကျောက်တန်းကနေ ကျော်လာတော့ တထောက်နားဖြစ်တယ်။
တခြားလမ်းကြောင်းတွေထက်စာရင် ကျောက်တန်း – လဲချား ဘက် လမ်းက အရမ်းကောင်းတယ်။ လမ်းဖြူး နေတော့ ကားက အရမ်း မောင်းလို့ကောင်းပါတယ်။
တန့်ယန်းလမ်းခွဲမှာ မသွားရသေးဘူး ဆိုလို့ ခဏနားရပြီး စောင့်ရပါတယ်။ ၁၅ မိနစ်လောက်တော့ ကြာသွားခဲ့တယ်။ ရှေ့က ကားတွေက နာရီဝက်လောက် စောင့်ရတယ်လို့ ပြောပြတယ်။ လားရှိုး အဝင်မှာ ပိတ်ထားလို့ လမ်းခွဲနားလောက်ထိကို ကားတန်းတွေက ပြည့်ညှပ်သပ်သွားတယ်။
ကျောက်တန်း – ပင်လုံ – လဲချား – မိုင်းနောင် – ကျေးသီး – မိုင်းရယ် – လားရှိုး လမ်းပါ။ မနက် ၆ နာရီကနေ ထွက်တာ ညနေ ၆ နာရီလောက် ဆိုရင် လားရှိုး ဝင်ပြီ။ တောင်ကြီး – လားရှိုးကို သွားတာ ဒီလမ်း အကောင်းဆုံးပဲ လို့ ယူဆတယ်။
ကိုယ့်အရပ် ဌာနေကို ပြန်ရတော့ ဝမ်းသာတယ်။ လားရှိုးမြို့ အဝင် မယ်ဟန်ဂိတ်ဘက်ကားတန်းကတော့ အလွန်အမင်းများလွန်းေနတယ်။ လားရှိုး ပြန်ဝင်သူတွေ၊ လားရှိုး သွားလာတဲ့လူ ပိတ်ကျပ် နေပါတယ်။
မြို့တွင်းထဲက မြို့ပြင်အသွား အပြန်တောင် မလွယ်ကူလောက်တဲ့ အထိ အလုပ် အသွားလည်း ကားတွေ တန်း အလုပ်အပြန်လည်း ကား တန်းနေရပါတယ်။
“အများဆုံးက ဝန်ထမ်းတွေပါ။ နစက တပ်ဖွဲ့ ပြန်ဝင်လာတော့ တာဝန် ပြန်ထမ်းဆောင်ဖို့ စာထွက်လို့ပြန်ဝင်ကြရတာ။” လို့ ဘေးနားက တယောက်က ပြောပါတယ်။
ဝန်ထမ်း မဟုတ်တဲ့ သူတွေက MNDAA တပ်ဖွဲ့ ဆုတ်မယ်ဆိုတဲ့ သတင်းကြားကတည်းက လားရှိုးမြို့ထဲ အရင် ပြန်လာနေခဲ့ကြတာလို့လည်း သူက ပြောပါတယ်။
စစ်ရှောင်တွေ သာမန်ပြည်သူ တချို့က လေကြောင်း ဗုဲးကြဲ မှာကို စိုးရိမ်လို့ ပြန်မလာကြဖြစ်သေးဘူးလို့ ဆိုပါတယ်။
“နောက်တခါ ဘယ်တော့မှ မပြေးတော့ဘူး။ သေသေ ရှင်ရှင် စုပေါင်းကာကွယ်မယ်။ မကောင်းတလည့် ကောင်းတလှည့်ပေါ့။ စစ်ဘေးရှောင်ဘဝက သေချင်စော်နံတယ်။ တခါတလေ ကိုယ်စရိတ်ကိုယ်စားပြီး သိမ်ငယ်ရတယ်၊ အနှိမ်ခံရတယ်။ ကိုယ့်မြို့ ပြန်တာလောက် ပျော်ရွှင်တာ မရှိပါဘူး။ ပြန်လာသူတွေ အရမ်းများလို့ ကားတန်းရတယ်။ ” လို့ စစ်ရှောင် တယောက်က ပြောပါတယ်။
ဝမ်းရေးပြဿနာ ဖြေရှင်းရ ခက်ခဲတဲ့ အပြင် တချို့စစ်ရှောင်တွေကတော့ ရေဘေး၊ ငလျင်ဘေး ကြုံခဲ့ကြလို့ သေဆုံးခဲ့ရသူတွေ၊ ထပ်ပြီး ဆုံးရှုံးခဲ့ရသူတွေရှိတယ်လို့ သူက ပြောပါတယ်။
ကိုယ့်မွေးရပ်မြို့မှာ ပြန်နေထိုင်သူတွေ အားလုံး လုံလုံခြုံခြုံ နဲ့ သူခိုး ဓားပြ ဘေးလည်း ကင်းစေချင်တယ်လို့ ဆိုပါတယ်။
“လားရှိုး အဝင် အထွက် ကားတန်းရှည်ကြီးပဲ။ စစ်ရှောင် တချို့က ကိုယ့်အိမ် ကိုယ်ပြန်လာကြည့်ပြီး ပြန်ထွက်သွားသူတွေရှိတယ်။ တချို့က ပစ္စည်း ပြန်လာသိမ်းသူတွေ ရှိတယ်။ ရှိနေပြီးသားသူတွေကတော့ သိပ် အယုံအကြည် မရှိလို့ အရေးကြီး စာရွက် စာတမ်းတွေ၊ ပစ္စည်းတချို့ အဆင်သင့် ပြင်ဆင်ထားသူတွေ ရှိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အခု ‌မေလ ဆန်းကနေ ဌာနဆိုင်ရာ ရုံးတချို့ ပြန်လည်ပတ်မယ်လို့ ကြားသိရပြီး စစ်တပ်မှာတော့ ရှင်းလင်းရုံနဲ့ နေထိုင်လို့ မရတာကြောင့် လားရှိုးတက္ကသိုလ်ရဲ့ အလယ်ထပ်ဖြစ်တဲ့ ဒုတိယထပ်မှာ အများဆုံး နေရာချထားတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
အုပ်ချုပ်ရေး အလွဲ အပြောင်း စပ်ကူးမတ်ကူး တပတ်ကျော် ကာလ အတွင်း အုပ်ချုပ်မှု ယန္တရားယား ကောင်းကောင်း မလည် ပတ်သေးပဲ သူခိုး၊ လုယက်မှု၊ လုသတ်မှု တွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာ ကြားရပြီး မြို့တွင်း စည်ပင်နဲ့ ပတ်သက်ပြီး မလည်ပတ်သေးတာကြောင့် ယခင် ရှင်းလင်းနေတဲ့ မြို့ထဲ လမ်းဘေးတွေမှာ အမှိုက်တွေစုပုံ နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားနဲ့ စစ်သုံ့ပန်း မိသားစုတွေကလွဲလို့ ဧပြီလ ၂၀ ရက်နေ့က MNDAA ထိန်းချုပ်ထားတဲ့ အချုပ်ထောင်ကို ယခင် ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသားေဟာင်းတွေရော အကျဉ်းသား သစ်တွေပါ မကျန် ထောင်ခါ လွတ်ခဲ့ကာ တချို့က လားရှို့မြို့မှာ အခြေပြု သွားလာနေဆဲ ဖြစ်တယ်လို့ ေရာက်နှင့်သူတွေက ပြောပါတယ်။
“မိမိဒေသ မိမိအိမ်စွန့်ခွာပြီး ဘယ်သူက နေချင်မှာလဲ။ စားဝတ်နေရေးအတွက် ကြုံရာအလုပ်ကို လုပ်နေရတာ” လို့ စစ်ရှောင် အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုးသူ လားရှိုးသားတွေ ချစ်တဲ့ လားရှိုးကို ပြန်နေကြတာပါ။ လားရှိုး စစ်ဘေးရှောင်တွေရဲ့ အိမ် အပြန်လမ်း လားရှိုးမြို့ထဲအဝင် ထွက်ကားတန်းကြီးက ပိုရှည်လာပြီး ပိုကြာ၊ နေကပူ အချိန်ကုန်လူပန်း ပြည်သူတွေရဲ့ ဘဝကတော့ မယ်ဟန်ဂိတ်မှာ ကားတွေ တန်းစီနေရပါတယ် လို့ သူက ပြောပါတယ်။
မန္တလေးကနေ လားရှိုး ကို ဂုတ်တွင်းကနေ ပြန်လို့ရတယ်။ နောင်ချို ကွင်းလမ်း ကြမ်းက ခဏတော့ ဒုက္ခ ခံရပါတယ်။ လမ်းမ ကြီးပေါ်မှတော့ ကား အသွားအလာ သိပ်နည်းတယ်။ နောက်ချိုဂိတ် စစ်တယ်။ ကား လိုင်စင်တွေ အကုန် စစ်ပါတယ်။ မှတ်ပုံတင်ပါရင်ရပြီ။ ကားပေါ်ပါ လူတွေအားလုံး မှတ်တမ်း ယူထားတယ် လို့ဆိုပါတယ်။
“ပြည်သူတွေအတွက် စဉ်းစားပေးတဲ့ ဘယ်အဖွဲ့ အစည်းကိုမဆို ကျေးဇူးတင်ပါတယ်၊ ကားသမားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးလည်း ပြန်ရချင်တယ်။ ကိုယ့်အိမ် ကိုယ့်ယာ ရောက်ပြီး အရင်လိုအေးချမ်းစွာနဲ့ စီးပွားရေးတွေ ပြန်လုပ်နိုင်ချင်တယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်အမြာက်ပိုင်းက နယ်စပ်ကုန်သွယ် ရေးဇုန်တွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် တွေ ရပ်ဆိုင်းသွားတဲ့နောက် တရုတ်ကားတွေမြန်မာဘက်ခြမ်းထဲထိ တိုက်ရိုက် ဝင်ရောက်လာတာတွေကြောင့် မြန်မာ ကားတွေနဲ့ ယာဉ်မောင်းတွေ အလုပ်လက်မဲ့ ဖြစ်လာရတာ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့က တိန့်ရှီကျွင်း ပါဝင်တဲ့ တရုတ်ဘက်က ပစ်ခတ်ရပ်စဲရေး စောင့်ကြည့်တဲ့ အဖွဲ့ တရုတ်အလံပါတဲ့ တရုတ်ကားတွေနဲ့ လားရှိုးထဲ ဝင်လာရောက်လာပြီး MNDAA, တရုတ်၊ နစက တပ်ဖွဲ့ တို့ သုံးပွင့်ဆိုင် ညှိနှိုင်း လွှဲပြောင်းမှု လုပ်ခဲ့တာဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ ခြွင်းချက်မရှိ အားလုံး ပြန်လာလို့ ရပြီဖြစ်ပါတယ်။
အခုတခေါက် လားရှိုးထဲ ပထမဆုံး ပြန်လာသူတွေ အားလုံး နီးပါးကတော့ နစက တပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်ပြီး သာမန် စစ်ရှောင်ပြည်သူတွေ အနည်းငယ်ဖြစ်ကာ တိုက်ပွဲ အပြီး မြို့ထဲ ပြန်ဝင်လာတဲ့ သူတွေလောက်တော့ အခြေအနေ မဆိုးတော့ပါ။
ရမခ အပါအဝင် လားရှိုး သိမ်းပြီး နောက် အိမ်အပြန် စစ်ရှောင်တွေကတော့ အိမ်ထဲနဲ့ အိမ်ပြင် လမ်းတွေမှာပါ အလောင်းတွေ ပုံနေပြီး တချို့အလောင်းတွေက လောက်တွေတက်လို့၊ နေပူကြဲကြဲ လမ်းမပေါ်က အလောင်းတွေကို ကောက်စားနေတဲ့ကျီးကန်းတွေ၊ မီးရှို့ပြီး ကျက်သွားတဲ့ အသားတွေကို ကိုက်စားနေတဲ့ ခွေးတွေကြောင်တွေ၊ အလောင်းတွေကို အစိမ်းလိုက်ကိုက်စားနေတဲ့ ခွေးတွေ၊ စစ်ဒဏ်ကြောင့် ပျက်စီးသွားတဲ့နေအိမ်၊ သူခိုး လက်ကျန် အိမ်တွင်း ပစ္စည်းတွေနဲ့ တိတ်ဆိတ်ခြောက်ကပ် စားစရာ မရှိ၊ အနံ့ အသက်ဆိုးတွေနဲ့ ကိုယ့်ဘာသာ အိမ်တွင်း၊ အိမ်ပြင် နဲ့ ရပ်ကွက်ထဲပါ သန့်ရှင်းရေးလုပ်ခဲ့ကြကာ ဘဝကို အသစ်ကနေ ပြန်စ ခဲ့ကြရပါတယ်။
တိုက်ပွဲ ပြီးပြီးချင်း ပြန်လာတဲ့ စစ်ရှောင်တွေရော အခု နစက တပ်တွေ ပြန်ရောက်လာမှ ဝင်လာတဲ့ သူတွေရော မိမိ နေအိမ်၊ ပိုင်ဆိုင်မှု၊ တချို့က မိသားစုဝင်တွေ ဆုံးရှုံးခဲ့ကြရလို့ ဝမ်းနည်းကြရသလို ကိုယ်ချစ်တဲ့ ကိုယ့်အိမ်၊ ကိုယ့်မြို့ကို ပြန်ကြရလို့ ဝမ်းသာကြရပါတယ်။
ကျမအိမ်လေးကတော့ စစ်ဒဏ်၊ သူခိုးဒဏ်ကြောင့် ဟိုးလို့ဟောင်းလောင်း အိမ်အခွန်နီးပါးဖြစ်နေတာမြင်ရပေမယ့် ကိုယ့်အိမ် ကိုယ့်မြေဆိုတဲ့ အသိနဲ့ မျက်ရည်ဘယ်ကကျမှန်းမသိ ကျမိပါတယ်။
ဒီလို အိမ် အပြန်ခရီးဟာ ကျမအပါအဝင် အားလုံးက “ဝမ်းနည်း ဝမ်းသာ တသက် မမေ့နိုင်တော့ပါ”
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ လာရှိုးမြေ အရင်လို ပြန်သာယာပါစေဆုတောင်းရင်း ကျမဆုံးရှူံးရတာတွေအတွက် လားရှိူးမှာဘဲ ကုန်းရုန်းရှာဖွေပြီး ကျမလက်ကျန်ဘဝ လားရှိူးကို ဘယ်တော့မှမခွာတော့ပါလို့ ဆုံးဖြတ်လိုက်ပါပြီ။
Video Crd – Crown Tiktok

Related posts

Leave a Comment

VOM News

FREE
VIEW