မေ ၂ – ၂၀၂၅
SN (VOM)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာတနိုင်ငံလုံး လွှမ်းခြုံတဲ့ လျှပ်တပြက် ရေကြီးခြင်းဆိုင်ရာ ကြိုတင် သတိပေးစနစ်မှ ရရှိတဲ့ အချက်အလက်တွေအရ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုး/ဇလဌာနရဲ့ မနေ့ မေ ၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ နောက် ၂၄ နာရီအတွင်း မန္တလေးတိုင်းရှိ ရမည်းသင်းနဲ့ မိတ္ထီလာခရိုင်၊ ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွိုင်လင်၊ လင်းခေးနဲ့ ကျိုင်းတုံခရိုင်တို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“ဒီ လျှပ်တပြက်ရေကြီးမှု ဆိုတာက ကျွန်တော်တို့ မိုး/ဇလဌာနမှာ တပ်ဆင်ထားတဲ့ မော်ဒယ်တွေမှာ ပြတဲ့အတိုင်း အခြေအနေသတင်းအနေနဲ့ သတိပြု ဆင်ခြင်နိုင်ဖို့ မိုး/ဇလ ဝက်ဘ်ဆိုက် တင်လိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ စက်မှာ ဖော်ပြလာတာကို မြေပြင်ကိုလည်း သေချာအောင် ပြန်မေးတယ်၊ confirm ပြန်လုပ်တယ်။ စက်ကတော့ မိုးရေချိန် ခန့်မှန်းချက်တွေအတိုင်း ဒီနေရာတွေမှာ ရေကြီးမှုဖြစ်နိုင်တယ်ဆိုပြီး ပြထားတာပေါ့။ အန္တရာယ် မရှိဘူးလို့လည်း ပြောလို့မရသလို ရှိတယ်လို့လည်း အတိအကျ ပြောလို့မရဘူး။ မိုးရေချိန်ပေါ် မူတည်ပြီး မိုးများရင် များသလို အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင် ဆင်ခြင်နိုင်ဖို့ အကြံပြုချက်အနေနဲ့ ထုတ်ပြန်ထားတာပါ” လို့ မိုး/ဇလဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လျှပ်တပြက် ရေကြီးခြင်းဆိုင်ရာ ကြိုတင် သတိပေးစနစ်ကနေ ရရှိတဲ့ မှတ်တမ်း အချက်အလက်တွေအရ အဲဒီဒေသတွေမှာ မနေ့ မေ ၁ ရက်၊ မနက်ပိုင်းက မိုးရေချိန် ၆ ဒသမ ၈၉ လက်မနဲ့ ၂၄ နာရီအတွင်း ၇ ဒသမ ၄၄ လက်မခန့် ရွာသွန်းခဲ့သလို နောက် ၂၄ နာရီအတွင်းမှာလည်း ၁ ဒသမ ၀၆ လက်မခန့် အများဆုံး ရွာသွန်းနိုင်သေးတယ်လို့ ဆိုပါတယ်။
“အခုလို မုတ်သုံအဝင်မှာ တချို့နေရာတွေမှာ ကွက်ပြီး မိုးကြီးတာတော့ ရှိတာပေါ့။ တောင်စောင်းလို နေရာမျိုးတွေမှာကျတော့ အိမ်တွေဘာတွေ ဆောက်နေတဲ့အခါကျရင် မြေပြိုတာတွေဘာတွေလည်း ရှိနိုင်တယ်။ ပြိုနိုင်တယ်ဆိုတာက မိုးတအားကြီးမှပါ။ မိုးရေချိန်က သူ့ သတ်မှတ်ထားတဲ့ ပမာဏဆိုတာ ရှိတယ်။ ပြီးတော့ မြေဆီလွှာ အမျိုးအစားပေါ်မှာလည်း မူတည်တယ်။ တချို့နေရာတွေမှာကျတော့ သစ်ပင်ကြီးတွေရှိတယ်၊ အမြစ်တွေက မြေဆီလွှာမှာ ကုပ်ထားတဲ့အခါကျတော့ မြေသားက ခိုင်မာတယ်။ အဲဒီလို နေရာမျိုးတွေကျ မြေပြိုတာ ဖြစ်ခဲတယ်။ တောင်စောင်းလို နေရာမျိုးတွေမှာ နေတဲ့သူတွေကျတော့ အဲဒီနေရာမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်ဆိုရင် သတိပြုရမှာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် မြစ်ငယ်၊ ချောင်းငယ်တွေ၊ တောင်ကျချောင်းတွေ အနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့လည်း အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မိုး/ဇလဌာနရဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မယ့် သတိပေးချက်မှာလည်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုအပြင် အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မနေ့ ညနေပိုင်းကနေ လာမယ့် မေ ၄ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းနိုင်မယ့် အခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလဌာနက အကြံပြုထားပါတယ်။
Photo – Kalaw Travelling (၂၀၂၄ ခုနှစ် – ပုံဟောင်း)
