မေ၆၊၂၀၂၅
Ms(VOM)
အင်အားပြင်းငလျင်ကြီး ကြောင့်ပျက်စီးဆုံးရှုံးမှုခံစားခဲ့ရတဲ့ နေပြည်တော် မှာ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုနိုင်ဖို့ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကို ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
ငလျင် ဒဏ်ခံဒေသအတွင်း ပျက်စီးသွားတဲ့အဆောက်အဦးတွေ ပြန်လည်တည်ဆောက် ပြုပြင်ရေးမှာအသုံးပြုနိုင်ဖို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းပေးမယ့် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကို လာမယ့် မေ ၁၂ ရက်ကနေ ၂၇ ရက်ထိ နေပြည်တော် တပေါင်းကွင်းမှာ ပြုလုပ်မယ်လို့ဆိုပါတယ်။
” ငလျင်ကြီး လှုပ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆောက်လုပ်ရေးပစ္စည်းတွေက ရှားပါးတယ်၊ ဈေးကြီးတယ်၊ အဲ့ဒီအတွက်ကြောင့်မို့ သင့်တင့်တဲ့ဈေးနှုန်းနဲ့အလွယ်တကူအဆင်ပြေပြေဝယ်လို့ရအောင်လို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်လုပ်မှာပါ။ နှစ်ပတ်ကြာဈေးရောင်းပွဲလုပ်မှာပါ။ မန္တလေးနဲ့စစ်ကိုင်းမှာလည်း လုပ်သွားပေးဖို့အစီစဉ်တွေရှိပါတယ်။ ဒါပေမယ့်ဈေးပွဲတော်ကို တပြိုင်တည်းမြို့တွေမှာလုပ်ရင် ရောင်းချပေးမယ့်ကုမ္ပဏီတွေအနေနဲ့အခက်ခဲရှိမှာဆိုးလို့ နေပြည်တော်မှာ ပထမဆုံး လုပ်တာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ သံ နဲ့သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီလွင်က ပြောပါတယ်။
ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်အတွင်း ပေ၈၀၊၆၀Tankအကြီးစားနဲ့ကုမ္ပဏီကြီး ၄ခုကနေတာဝန်ယူဆောက်လုပ်ရောင်းပေးမယ့် နေရာ၄နေရာ၊ ပေ၃၀၊ ၆၀Tank အလတ်စားနဲ့ ရောင်းပေးမယ့်နေရာ အနည်းဆုံး ၄နေရာစီပါဝင် ရောင်းပေးမယ်လို့ဆိုပါတယ်။
ဆောက်လုပ်ရေး ပစ္စည်းများကို အရောင်းနမူနာပြကာ ဝယ်ယူသူရဲ့အမှာရှိသလောက်နဲ့ Instock ပစ္စည်းရှိသလောက် ရောင်းချသွားမယ်လို့သိရပါတယ်။
မတ်လ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ရာမှာ ပျက်စီးမှုများခဲ့တဲ့ ဒေသတစ်ခုဖြစ်တဲ့ နေပြည်တော်မြို့တော်မှာလည်း လတ်တလော ပြန်လည်ထူထောင်ရေးနဲ့တည်ဆောက်ရေးတွေစတင်တော့မှာဖြစ်သလို နစကအစိုးရအနေနဲ့ ၎င်းတို့ရဲ့ ရုံးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို မူလကတည်ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ က ပြန်လည်ပြင်ဆင် တည်ဆောက်ပေးရန် အကြောင်းကြားအသိပေးထားတယ်လို့သိရပါတယ်။
” အခုငလျင်က နေပြည်တော်မှာလည်းဌာနဆိုင်ရာအဆောက်အအုံတွေအတော်များများထိခိုက်ပျက်စီးခဲ့ရတယ်။မူလတည်ဆောက်ရေး ကုမ္ပဏီတွေဘက်ကလည်း ငလျင်အတွက်ထည့်သွင်းတွက်ချက်ပြီးဆောက်ဖို့ညွှန်ကြားချက်မရှိလို့ မဆောက်ခဲ့ရဘူးလို့ပြောထားတယ် ။ဒါပေမယ့် အခု ပြန်လည်တည်ဆောက်ရေးလုပ်ရင်တော့ ငလျင်အတွက် အဆောက်အဦးကိုတွက်ချက်ဆောက်ဖို့တွေပါလာတော့မယ်၊ နောက်ပြီးအဆောက်အအုံခိုင်ခံ့မှုအတွက် သုံးမယ့် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ နဲ့ သံ၊သံမဏိကအစအဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ အဓိက အစိတ်အပိုင်းကို ထိခိုက်မှု မရှိစေ ဖို သတ်မှတ်ထားတဲ့ သံ နဲ့ သံမဏိ စံချိန်စံညွှန်း တွေအတိုင်း လိုက်နာဖို့တွေလည်းပါဝင်လာတော့မှာပါ။အခုဈေးရောင်းပွဲတော်က ပြန်လည်တည်ဆောက်ရေးလုပ်မယ့်ကုမ္ပဏီတွေအတွက်လည်း အဆင်ပြေအောင်လုပ်တာလို့ မြင်ပါတယ်။”လို့ ဆောက်လုပ်ရေးအင်ဂျင်နီယာတေယာက်ကပြောပါတယ်။
နစက က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ခြောက်သောင်း သုံးထောင့်ရှစ်ရာ ငါးဆယ့်လေးလုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ တခြား ဘာသာရေး အဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖော်ပြထားတဲ့စာရင်းတွေအရသိရပါတယ်။
Photo- Cj