မေ ၅၊ ၂၀၂၅
Shy V (VOM )
မြန်မာ – တရုတ် နယ်စပ်ဘက် စက်ရုံတွေမှာ အလုပ်လုပ်တဲ့ မြန်မာ လုပ်သားတွေ ရဲ အဖမ်းခံပြီး ပြန်ပေမယ့် အကြွေး ကျန်နေရင် အကြွေး ဆပ်ပြီးမှ ပြန်လို့ရကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“အကြွေးရှိတယ် ဆိုရင်တော့ သူတို့ ပိုက်ဆံ ပြန်တောင်းတယ်။ ဖုန်းတွေလည်း ပြန်ပေးတယ်။” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
ကိုယ့်ဘာသာ ရဲ အဖမ်းခံပြီး ပြန်ထွက်ရင်တောင် လုပ်ငန်းရှင်တွေဆီ အကြွေးရှိမရှိ လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ပြီး အကြွေး ပြန်ဆပ်ခိုင်းတယ်လို့ သူက ပြောပါတယ်။
ခိုးပေါက်ကနေ ဝင်လို့ ပြန်ထွက်ရင် အနည်းဆုံး သုံးလ၊ အများဆုံး ရှစ်လ ထောင်ဒဏ် ကျခံရသေးပြီး ကိုယ် ဝင်လာတဲ့ ခိုးပေါက်ကနေ ပြန်ထွက်ရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။
“စာအုပ်အနီ တခုထဲနဲ့ တရုတ်နယ်စပ်မှာ အလုပ်လုပ်လို့ မရဘူး။ နေထိုင်ခွင့်၊ အလုပ်သမားကတ်၊ သူဌေး အာမခံ ရှိမှ အလုပ်လုပ်လို့ရတယ်။ တယောက်နဲ့ တယောက်ကျတော့ မတူကြဘူး။ ကျမ သိတဲ့ သူတွေ ဆိုလို့ရှိရင် အကြွေးရှိရင် အကြွေးဆပ်ရသေးတယ်။” နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဘယ်စက်ရုံမှာ အလုပ်လုပ်ခဲ့သလဲ လို့ ဖမ်းခံရသူကိုမေးတယ်၊ ရဲတွေက သူဌေးတွေကို ဆက်သွယ်ပြီး မင်းတို့ ဘယ်စက်ရုံကလဲ၊ ဝန်ထမ်း ဘယ်သူက ဘယ်လိုပြန်တယ်၊ မင်းတို့ သိလား၊ ဘာကြောင့် ပြန်တာလဲ၊ ပြန်တာ ခွင့်ပြုလား၊ အကြွေးရှိလား ဆိုပြီး ဆက်သွယ် မေးမြန်းကာ အကြွေးရှိတယ် ဆိုရင် အကြွေး ဆပ်ပေးရတယ်လို့ သူက ရှင်းပြပါတယ်။
ရွှေလီမှာ ဖမ်းဆီးပြီး တခုခု လုပ်လိုက်တာမျိုးတော့ မရှိေပမယ့် ဖမ်းခံရပြီး အဆက်အသွယ် မရတာ ဆိုရင် ရဲစခန်းရောက်တာလား၊ အကျဉ်းထောင် ကျတာ မျိုးရှိတတ်ပြီး တလလောက် ကြာမှ ပြန်ထွက်လာရတာတွေရှိသလို ပြစ်မှုပေါ်မူတည်ပြီး ကြန့်ကြာတတ်တယ်လို့ ဆိုပါတယ်။
တရားမဝင် တရုတ်နယ်စပ်ထဲ သွားရောက် အလုပ်လုပ်ကြတဲ့ မြန်မာလုပ်သားတွေက တရုတ်လုပ်ငန်းရှင်တွေရဲ့ လုပ်ခ လစာ မတရား ခေါင်းပုံ ဖြတ်ခံနေကြရပြီး နေထိုင်ရာအခန်းနဲ့ လုပ်ငန်းခွင်တွေထဲအထိ လာရောက်ဖမ်းဆီးခံရတာမျိုးလည်း ရှိတယ်လို့ ရွှေလီရောက် မြန်မာ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း တရုတ်ဘက် နယ်စပ်မှာ သွားေရာက် အလုပ်လုပ်နေတဲ့ အထောက်အထား မပြည့်စုံတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး နေ့တိုင်းနီးပါး ဘတ်စ်ကားတွေနဲ့ မူဆယ်ဘက်ခြမ်း ပြန်ပို့နေတာ တွေ့မြင်ရတယ်လို့ မူဆယ်ေဲသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မြန်မာ နိုင်ငံ အနှံ့က ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်နယ်စပ်ဘက်ထဲ တရားဝင် ဝင်ရောက် အလုပ်လုပ်နေကြတာရှိသလို တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသူတွေလည်း အများအပြားရှိနေပြီး စစ်မှုထမ်း သတ်မှတ်ထားတဲ့ အသက်အရွယ် လုပ်သားတွေကတော့ တရုတ်ဘက် နယ်စပ်ထဲ တရားဝင် ထွက်ခွာ အလုပ်လုပ်ဖို့ ခက်ခဲနေကြ တာဖြစ်ပါတယ်။
Photo Crd# နယ်စပ်ဒေသခံ တယောက်