အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၆)

 ဆူးငှက်
ဘာလိုလိုနဲ့ ညနေစောင်းလုပြီ။ ငလျင်အသေးလေးတွေက လှုပ်နေဆဲလို့ ထင်တာပဲ။ ခေါင်းထဲမှာ ရိပ်တိတ်ရိတ်တိတ် မူးနောက်နောက်နဲ့။ ပြန်စဉ်းစားလိုက်တော့ မနက်စာထမင်း မစားရသေးတာလေ။ မြေးလေးက ဆာပြီတဲ့။ ဟုတ်မှာပေါ့ သူကလည်း မနက်က ပေါင်မုန့်ပဲ စားရသေးတာတဲ့။ ဒါနဲ့ လမ်းထိပ်ဆိုင်လေးကပဲ ကြာဆံကြော်၂ပွဲ ဝယ်ပြီး ၄ယောက် မျှစားလိုက်ကြတယ်။ ခဏနေတော့ ဖုန်းလိုင်းတချို့ ဖျပ်ခနဲ ပြန်ရတယ်။ ဇနီးဆီကို ရန်ကုန်က သူ့ညီမတွေက စိတ်ပူလို့ ဖုန်းတောက်လျှောက် ဆက်နေတာတဲ့။ ဒီမှာအန္တရာယ်ကင်းတယ်လို့ ပြန်ပြောရတယ်။ သူတို့ရန်ကုန်လည်း လှုပ်သတဲ့။ သူတို့ဆီမှာ အင်တာနက်လိုင်း ရသေးလို့ ဒီက ငလျင်သတင်းကို ဓာတ်ပုံတွေနဲ့ပါ တွေ့နေရတယ်တဲ့။ စစ်ကိုင်းတံတားကြီး ပြိုသွားပြီလို့ သူတို့က ပြောတယ်။ ကျွန်တော် အံ့အားသင့်သွားတယ်။ ကနဦးသတင်းမို့ ဂျင်းသတင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းနေမိပါတယ်။
လမ်းပေါ်မှာ လူတွေများသထက် များလာပြီ။ အိမ်တွေထဲ မနေဝံံကြတော့ဘူး။ မြို့ထဲက ပြန်ပြေးလာသူတွေဆီက အပျက်အစီး အကြောင်းတွေ ကြားရတာ စိတ်မကောင်းရုံမက တုန်လှုပ် ခြောက်ခြားစရာကြီးပါ။ စိန်ပန်းဘက်မှာ မီးတွေလည်း လောင်နေသတဲ့။ ဖုန်းတွေဆက်ကြည့်တော့ မကိုင်ကြတာများတယ်။ ပျဉ်းမနားရောက်နေတဲ့ သားငယ် မိသားစုဆီလည်း ဖုန်းခေါ်လို့ မရသေးဘူး။ ဒီတင် မထင်မှတ်ဘဲ သားအကြီးဆီ ဖုန်းတကော ဝင်လာတယ်။ သူက လူအုပ်အုပ်တွေကြား တဖက်က ပြောသံ မကြားရလို့ ဖုန်းလိုင်းမိမယ့်နေရာ သွားပြီး နားထောင်နေတယ်။ ခဏနေတော့ သူက မျက်စေ့မျက်နှာ ပျက်ပျက်နဲ့ ပြန်လာပြီးသူ့ဇနီး ခိုင်ခိုင်တို့ ကူမဲသွားပြီး အလုပ်လုပ်ကြတာ ဟော်တယ်ပြိုကျလို့တဲ့။ သူ့ဇနီး ခိုင်ခိုင်က လက်ကျိုးသွားပုံရတယ်တဲ့။ ဒါနဲ့ ကားကို ကိုယ်တိုင်မမောင်းနိုင်တော့လို့ သူ့အဖေက မောင်းလာရတာတဲ့။ ပါသွားတဲ့ တပည့်မလေးလည်း ခိုက်မိတာ များသတဲ့၊ ဒါကြောင့် မန္တလေးကဆေးရုံတရုံကို စုံစမ်းထားပြီး အဲ့ဒီက စောင့်နေပါ။ သူတို့ မြစ်ငယ်ရောက်နေပြီတဲ့။ ဘုရား ဘုရား မသေကောင်း မပျောက်ကောင်းပါလား။
သူ့ဇနီး ခိုင်ခိုင်တို့က သူ့အဖေရော အမေရော သူ့တပည့်ရော ကားတစီးနဲ့ မနက်က ကူမဲသွားကြတာ။ အဲ့ဒီမှာ ဟော်တယ်အခန်းငှားပြီး သူက သူ့ကာစတန်မာတွေကို တက်တူးထိုး အလှပြင် အလုပ်လုပ်ကြမှာလေ။ အခု အလုပ်လုပ်နေရင်း ငလျင်လှုပ်လို့ ဟော်တယ်ပြိုကျတာတဲ့။ ကံကောင်းတာက သူ့အဖေနဲ့အမေက ခဏအပြင်ထွက် လက်ဖက်ရည်သောက်တုန်း ဟော်တယ်ပြိုသွားတာတဲ့။ နို့မို့ဆို အသက်၇၀ကျော် ကျွန်တော့် ခမည်းခမက်တွေ အတွက် မတွေးဝံ့စရာပါပဲ။ ဒါကြောင့် သားကြီးက ချက်ချင်းလိုက်ရတော့မယ်။ မလိုက်ခင် ဆေးရုံ စုံစမ်းဖို့က မန္တလေးမှာ ဒီအချိန် ဘယ်ဆေးရုံ ဘယ်ဆေးခန်းမှ အဆင်မပြေနိုင်တော့ဘူး။ ဒါနဲ့ သားကြီးက သူ့သူငယ်ချင်း ဆရာဝန်တွေဆီ ဆက်သွယ်တော့လည်း ဆက်သွယ်လို့မရတော့ဘူး။
ဒီတော့ ကျွန်တော်က သူတို့ အမြန်လမ်းက ဝင်လာတာဆိုရင် တံခွန်တိုင်အဝိုင်းထိ မဝင်နဲ့။ တံတားဦးအလွန် စစ်ကိုင်းလမ်းခွဲရောက်ရင် ရတနာပုံတံတား နှာပေါက်ဘက်ဝင်တဲ့ လမ်းကို လိုက်ခဲ့။ အဲ့ဒီကနေ တောင်မြို့ကို ဝင်။ တောင်မြို့အဝင် စကျင်ဝရောက်ရင် လမ်းဘယ်ဘက်မှာ ဒေါက်တာစိုးဝင်းဆိုတဲ့ ဆိုင်းဘုတ်ရှာ၊ သရက်ပင်တွေနဲ့ ခြံကြီး၊ ဆူးငှက် ချွေးမလို့ပြော၊ ဒေါက်တာစိုးဝင်းဆိုတာ စာရေးဆရာဂျိုဇော်၊ တောင်မြို့မှာ မသိသူမရှိဘူးလို့ ပြောခိုင်းပြီး သားတော်မောင်ကိုလည်း အဲ့ဒီကကြိုစောင့်လိုက်၊ ဆရာ့ကို အကျိုးအကြောင်း ပြောပြ အကူအညီတောင်းလို့ မှာရတယ်။
ဒီမှာတင် ခက်တော့တာပဲ၊ သားရော ချွေးမရော စကျင်ဝဆိုတာမသိဘူး၊ ရွှေကြက်ယက်မရောက်ခင်ဆိုတော့လည်း အူချာပေါက်နေပြန်ရော။ မိုးကုတ်ဆရာတော်ကြီး ဂူဗိမာန်ဆိုတော့ ပိုဝေးသွားပြန်ရော၊ ဒါနဲ့ ဒီကနေ တောင်မြို့ဖြတ်ပြီး စစ်ကိုင်းကိုသွားတော့ ဈေးအကျော်မှာ ကားလမ်းကိုဖြတ်တဲ့ ရထားလမ်းသိလားဆိုတော့ သိတယ်တဲ့။ ဒါဆို ရထားလမ်းကို ကျော်ပြီး စစ်ကိုင်းဘက်ဆက်သွား။ စစ်ကိုင်းလမ်းကနေ ဒေါ်အေးကြင်ဘူဖေးဆိုင်ရှိတဲ့ မြို့ပတ်လမ်းကို ချိုးတဲ့ လမ်းထိမရောက်ဘူး ဒီဘက်ကသွားရင် လမ်းညာဘက်မှာ ဆိုင်းဘုတ်ရှိတယ်လို့ မောနေအောင် ပြောရတယ်။ ကျွန်တော်လည်း အဲ့လိုပြောရင်း ကျွန်တော့်အဒေါ် ဒေါ်ဒေါ်အုန်းရင်ကို သတိရမိတယ်။ ဒေါ်ဒေါ်အုန်းရင်က ဆီရောင်းတာပါ။ တနေ့သား သူ့ယောက်ျားဦးကြီးချိုကို ဖောက်သည်ဆီ ဆီတပုံးပို့ခိုင်းတယ်။ သူနေတာက ဒေါင်းရိုး စိုင်ပြွန်ဝင်းထဲမှာပါ။ “ကိုချို၊ ဒီဆီပုံးကို ယူပြီး ဒီကနေ ၂၉လမ်းအတိုင်း အရှေ့တက်၊ ဝါးတန်းရောက်တော့ ခတ္တိယဝင်းထဲကဖြတ်ပြီး ကျောက်သွေးတန်းကျော်လိုက်၊ အဲ့ဒီကျ ရှင်ဘို့မယ်အနောက်ပေါက်ကဝင်၊ အရှေ့ပေါက်ကျထွက်၊ အဲ့ဒီက ရေစက်ရုံဝင်းကြီးဖြတ်ပြီး ယိုးဒယားဈေးဂတ်တဲကျ လမ်း၃၀ဘက်ထွက်ပြီး နေရှင်နယ်ကျောင်း အရှေ့ဘက်က အထက်ဆင့်ဝင်းထဲ ဒီဆီပုံးပို့ပေးပါ” ဆိုတော့ ဦးကြီးချိုက “အုန်းရင်ရာ၊ ငါတောသားမဟုတ်ပါဘူးဟ၊ အထက်ဆင့်ဝင်းထဲ ဒီဆီပုံးပို့ပေးပါဆို ပြီးတာပဲ၊ ရှည်ရန်ကောလို့”ငေါက်တယ်။
အခုကျ တမျိုး၊ တောင်မြို့အထွက်က စကျင်ဝဆိုရင် ပြီးရမယ့်ကိစ္စ၊ စကျင်ဝလည်းမသိ၊ မိုးကုတ်ဆရာတော်ကြီး ဗိမာန်လည်း မသိဆိုတော့ ရှည်ရန်ကော ဖြစ်ရပါတယ်။ ဒီလိုနဲ့ မြေးလေးခေါ်ပြီး သားအဖနှစ်ယောက် ကားမောင်း ထွက်သွားကြတယ်။ ကျွန်တော်က ဆရာဂျိုဇော့် ဖုန်းကို ကြိုပြောထားဖို့ အကြိမ်ကြိမ် ခေါ်ပါတယ်။ မရပါ။ စိတ်ကပူပါပြီ။ ခဏနေတော့ ချွေးမက ဖုန်းဆက်လာပြီ။ သူတို့ တောင်မြို့ရောက်နေပြီး လမ်းတွေ ပိတ်နေတယ်၊ တိုက်တွေ ပြိုနေတယ်၊ ဘယ်လိုမှ မသွားတတ်တော့ဘူးတဲ့။ ဒါနဲ့ သမီးတို့ရောက်နေတာ ဘယ်နားလဲဆိုတော့၊ သူပြောတဲ့နေရာက တရုတ် ဘုံကျောင်းရှေ့ရောက်နေတာ၊ လမ်းတွေလွဲပြီ။ ဒါနဲ့ စစ်ကိုင်းလမ်း နှာပေါက်ဘက်က ဝင်တာ မဟုတ်ဘူးလား ဆိုတော့၊ ဖေဖေပဲ အမြန်လမ်းကနေ တောင်မြို့ဘက်ဝင်တဲ့လမ်း ချိုးခဲ့ဆိုလို့ တံခွန်တိုင်ဈေးနားက ချိုးလိုက်တာတဲ့။ ကိုင်း.. ရွာလည်ပြီ။ သူတို့က အဲ့ဒီကနေ အင်းပတ်လမ်းက တောင်မြို့ဝင်တာကိုး။ ကိုင်း ဒါဆို သမီးဖေဖေပြောလိုက် အဲ့ဒီကနေ စစ်ကိုင်းဘက်ကို ပြန်ထွက်ပြီး သံလမ်းကို ကျော်လိုက်တော့၊ သံလမ်းကျော်တာနဲ့ ထပ်ပြောမယ်။ ဖုန်းကို ကိုင်ထားလို့ မှာလိုက်ရတော့တယ်။
၁၅မိနစ်လောက်ကြာတော့ သမီးက ဖုန်းပြန်ခေါ်တယ်၊ သံလမ်းကျော်ပြီထင်တယ်၊ ကျွန်တော်က သံလမ်းကျော်ပြီလား မေးတုန်း ဖုန်းက ပြတ်သွားတယ်။ ကျွန်တော်က ပြန်ခေါ်တယ်၊ အကြိမ်ကြိမ် ဖုန်းက မရတော့ဘူး။ ဒါနဲ့ သားဆီ ဖုန်းဆက်တော့လည်း မရတော့ဘူး။ ခက်ကပြီ။ ကျွန်တော်စိတ်ပူရပြီ။ လာသူနဲ့သွားကြိုသူ ချာလပတ်ရမ်းနေလောက်ပြီ။ ခဏနေတော့ သားဆီက ဖုန်းဝင်လာတယ်။ တောင်မြို့က အတော်ပျက်စီးသတဲ့၊ လမ်းတွေပေါ် တိုက်တွေပြိုနေတာ အများကြီးတဲ့။ လူတွေ ကားတွေ ဆိုင်ကယ်တွေ အကုန်လုံး လမ်းပေါ်ရောက်နေကြပြီတဲ့။ ဒဏ်ရာရကြသူတွေလည်း လမ်းပေါ်မှာပဲတဲ့။ အဆောက်အဦးတွေပြိုလို့ စစ်ကိုင်းလမ်းက သွားမရတော့ဘူးတဲ့။ ဒါနဲ့ တောင်မြို့က ကျွန်တော့်သား အငယ်ရဲ့ယောက္ခမအိမ်ဝင်ပြီး အကူအညီတောင်းရတယ်တဲ့။ သားငယ်ရဲ့ယောက္ခမအိမ်ကလည်း ဒေါက်တာ စိုးဝင်း နဲ့ ရင်းနှီးသူတွေလေ။ ဒီတင် သားငယ်ရဲ့ယောက္ခမကိုယ်တိုင် လိုက်ပြီး လမ်းကြားတွေထဲက ခက်ခက်ခဲခဲ ကားဝင်ပြီး ဒေါက်တာစိုးဝင်းခြံရှေ့ရောက်ပြီ။ ခိုင်ခိုင်တို့ကားလည်း တွေ့ပြီလို့ ပြောမှ စိတ်အေးရတော့တယ်။ ဒေါက်တာစိုးဝင်း ခြံထဲလည်း လူအပြည့်ပဲတဲ့။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW