မေ – ၁၃ ၊ ၂၀၂၅
GG (VOM)
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမှာဖြစ်ကြောင်း သက်ဆိုင်ရာ သာသနာရေးမှူးရုံးတွေက အသိပေးထားပြီး ပျက်စီးအဆောက်အဦးကို ဖြိုဖျက်ခွင့်နဲ့ ပြန်တည်ဆောက်ခွင့်ပြုပေးမှုအပိုင်း ကြန့်ကြာမှုရှိနေ တယ်လို့သိရပါတယ်။
လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီအချို့ကို ဖြိုချခွင့် နဲ့ ပြန်တည်ဆောက်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်နဲ့ခရိုင်ကို စာတင်ထားပေမယ့် ခွင့်ပြုမိန့် ချပေးခြင်းမရှိတာကြောင့် ဖြိုချခြင်းလုပ်ငန်းလည်းမလုပ်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးအပိုင်းမှာအခက်ကြုံနေရတယ်လို့ ဗလီအချို့ဆီက သိရပါတယ်။
” ဗလီပြန်ဖျက်ခွင့်ရော ပြန်တည်ဆောက်ခွင့်က ခုထိမကျသေးဘူး။စာတင်ထားတာကြာပြီ။ဆောက်လုပ်ဖို့ကအဆင်သင့်ဖြစ်နေပြီ။ခုက ဘာမှလုပ်မရဘူး။ကျောက်ဆည်မှာ ဘယ်ဗလီမှဖြိုတာမတွေ့ရသေးဘူး။ပြန်ဆောက်တာလည်းမတွေ့သေးဘူး။မြို့နယ်ရော ခရိုင်ရောစာတင်ထားတာပါ။အဆောက်အဦးကို မူလအရွယ်အစားတိုင်းပြန်ဆောက်ဖို့ဆိုပြီး အကြောင်းကြားစာတွေတော့ရောက်တဲ့နေရာရောက်နေကြပြီ။ မူလပုံစံအတိုင်း မပျက်ဆောက်ဆိုလည်းကျွန်တော်တို့က ပြန်ဆောက်မှာပါအစည်းဝေးထိုင်ထားတယ် ။ဗလီအကျယ်အဝန်းနဲ့လက်ရှိလူဦးရေက ပြေတယ်။မူအတိုင်းကိုပြန်ဆောက်ခွင့်ရရင်ပြေတယ်။ခုက ဖြိုခွင့်လည်းမရသေးဘူး။ပြန်ဆောက်ခွင့်လည်းစာမကျသေးဘူး။” လို့ ကျောက်ဆည်မြို့က ဗလီတခုမှ တာဝန်ရှိသူကပြောပါတယ်။
နောက်ပြီး အချို့သော ဗလီတွေက လက်ရှိများပြားလာတဲ့လူဦရေအရ အဆောက်အဦးကို ထပ်မံချဲ့ပြီးဆောက်ဖို့ လိုအပ်မှုရှိလို့ မူလအရွယ်အစားသာပြန်ဆောက်ခွင့်ပြုမယ်ဆိုတာ အဆင်ပြေမှုမရှိကြောင်း ၊ အချို့ဗလီတွေကတော့ မူလအရွယ်အစားတိုင်းဆောက်ခွင့်ပေးတာ အဆင်ပြေကြောင်းနဲ့ အဓိက အာဏာပိုင်တွေအနေနဲ့ ဗလီတွေကို ဖြိုဖျက်ခွင့်ပြုပြီး အမြန်ဆုံးတည်ဆောက်ခွင့်ပြုပေးဖို့လိုအပ်နေတာဖြစ်တယ် လို့ဆိုပါတယ်။
လက်ရှိမှာတော့ ငလျင်ကြောင့် ဗလီပျက်စီးခဲ့ရတဲ့ ဒေသက အစ္စလာမ်ဘာသာဝင်တွေက ယာယီတဲတွေဆောက်လုပ်ပြီး ဝတ်ပြုခြင်း ၊ မြေကွက်လပ်တွေပေါ်မှာ ဝတ်ပြုနေရတယ်လို့သိရပါတယ်။
ခရစ်ယာန်ကျောင်းတွေကတော့ ဖြိုချခွင့်နဲ့ ပြန်တည်ဆောက်ခွင့်အပေါ် စာနဲ့တရားဝင်ခွင့်ပြုတာမျိုးမဟုတ်ဘဲ နူတ်ကတိနဲ့ လုပ်ဆောင်ခွင့်ပြုပေးနေတဲ့အတွက် အဆောက်အဦး ဖြိုချတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ပြန်တည်ဆောက်ရေးအတွက်လည်း ကုန်ကျမှုအပိုင်း၊ အဆောက်အဦးဒီဇိုင်း စတာတွေကို တွက်ချက်ရေးဆွဲနေတယ်လို့သိရပါတယ်။
“နူတ်မိန့်နဲ့ပဲ စာတွေဘာတွေနဲ့တော့မလာဘူး။အဲလိုတော့ညွှန်ကြားလာတာရှိတယ်။အခုကတော့ ပြန်ဆောက်ဖို့အသင်းတော်တွေကိုတွက်ချက်ခိုင်းထားတယ်။အခုက ငလျင်ဒဏ်ခံနိုင်အောင်ပြန်ဆောက်မှာပေါ့။တထပ်ပဲရှိတဲ့အဆောက်အဦးဆိုတထပ်ပဲပြန်ဆောက်ရမှာပေါ့။နှစ်ထပ်ဆောက်လို့မရဘူးပေါ့။လက်ရှိဖြိုဖျက်နေတာရှိတယ်။ပြန်ဆောက်ရင်စည်ပင်တို့ဘာတို့တင်ရမယ်ဆိုတာတော့ရှိတာပေါ့။ပြန်ဆောက်ရင်မူလအဆောက်အဦးဧရိယာအကျယ်အဝန်းပဲဆောက်မှာပါ။ငလျင်ဒဏ်ခိုင်ခံ့မှုကိုပဲဦးစားပေးလုပ်သွားမှာပါ။” လို့ မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် နေရာဒေသအချိူ့မှာ ဗလီနဲ့ ခရစ်ယာန်ကျောင်းပေါင်း ရာဂဏန်းအထိပြိုကျပျက်စီးခဲ့ရပြီး ဝတ်ပြုဆုတောင်းသူ အများအပြား လည်းသေဆုံးခဲဲကြရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို ဖြိုဖျက်ရေး၊ပြန်လည်တည်ဆောက်ရေးကို အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ လုပ်ဆောင်ဖို့ ကြိုးစားနေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်
