အန်ကာရာ၊ မေ-၁၃-၂၀၂၅
ရတီ(VOM)
တူရကီမှာ နှစ်ပေါင်း ၄၀ ကြာ လက်နက်ကိုင်ထကြွခဲ့တဲ့ ပီကေကေ ကာ့ဒ်အဖွဲ့ဟာ လက်နက်စွန့်ပြီး အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။
ဒီလိုဖျက်သိမ်းဖို့အတွက် အကျဉ်းကျခံနေရတဲ့ အဖွဲ့ခေါင်းဆောင် အဗ္ဗဒူလာအိုကလန်က ဖေဖော်ဝါရီလမှာ တောင်းဆိုလိုက်ပြီးနောက် ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ပီကေကေ အဖွဲ့ကတော့ သူတို့ရဲ့ တော်လှန်မှုဟာ တူရကီလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ ကာ့ဒ်တွေအတွက် နယ်မြေပိုင်ဆိုင်ရေးဖြစ်တယ်လို့ ပြောပါတယ်။
ပဋိပက္ခတွေအတွင်း လူပေါင်း လေးသောင်းလောက်သေဆုံးခဲ့ပါတယ်။ တူရကီ၊ အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်တို့က အကြမမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ပီကေကေ ကာ့ဒ်အဖွဲ့က သူတို့ရဲ့ သမိုင်းဝင်တာဝန်ပြီးမြောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်မှုကို အဆုံးသတ်မယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ကာ့ဒ်ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။ ပီကေကေအဖွဲ့ခေါင်းဆောင်ဟာ ၁၉၉၉ ခုနှစ်ကတည်းက အကျဉ်းစံနေရတာပါ။ နိုင်ငံရေးအရ အဖြေရှာဖို့နဲ့ အဖွဲ့ဖျက်သိမ်းရေးတို့ကို အဖွဲ့ခေါင်းဆောင် အိုကလန်က အကျဉ်းထောင်ကနေ စာတစောင်ရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒီလို ဖျက်သိမ်းလိုက်တဲ့အပေါ် အိုကလန်နဲ့ အဖွဲ့အတွက် ဘာတွေအပြန်အလှန်ရရှိမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ကာ့ဒ်နိုင်ငံရေးသမားတွေကတော့ နိုင်ငံရေးဆွေးနွေးမှုအသစ်နဲ့ ကာ့ဒ်အခွင့်အရေးတွေ ပိုမိုရရှိဖို့အတွက် မျှော်လင့်နေပါတယ်။
သမ္မတအာဒိုဂန်ဟာလည်း ၂၀၂၈ ခုနှစ်မှာ ကျင်းပမယ့် တူရကီသမ္မတရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံရဖို့အတွက် ကာ့ဒ်လိုလားတဲ့ ပါတီတွေရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်နေပါတယ်။ ပီကေကေအဖွဲ့ ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်မှုကင်းစင်တဲ့ တူရကီနိုင်ငံဖြစ်လာဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း သမ္မတအာဒိုဂန်က ပြောပါတယ်။
Ref:BBC
Photo:Reuters