မေ ၊ ၁၄ ၊၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်းက အိန္ဒိယနိုင်ငံနဲ့ နီးစပ်နေတဲ့ တမူးမြို့နယ်နဲ့ ကလေးမြို့နယ်တွေဘက်မှာ အခုတလောစက်သုံးဆီတွေ ပြတ်လပ်နေပါတယ်။ တမူးနယ်ဘက်မှာ စက်သုံးဆီ (ဓာတ်ဆီ)တဂါလံကို လေးသောင်းခွဲ ၊ ငါးသောင်းနီးပါး စျေးပေါက်နေတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။
” တမူးနယ်မှာ ဆီကားတွေ မ၀င်ရောက်တာ ကြာပြီ ၊ မြန်မာနှစ်သစ်ကူးမတိုင်ခင်က ဆီကားတွေ ၀င်ရောက်နိုင်တာ အခုဆို နှစ်လပြည့်တော့မှာ ” လို့ တမူးဒေသခံတယောက်က ပြောပါတယ်။
ဆီဘောက်ဆာမောင်း ကားသမားတယောက် ပြောတာက
” တမူး – ကလေးကားလမ်းက အခုထိ ပြန်မပွင့်သေးဘူး ၊တမူးနယ်ထဲမှာ PDF တွေထိန်းချုပ်ထားတဲ့ ရွာတွေရှိသလို ၊ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွာတွေလည်း ရှိတယ် ၊ ထိန်းချုပ်နေရာတွေများတာကြောင့် ဆီကားတွေ မသွားရဲကြဘူး ” လို့ ပြောပါတယ်။
တမူးမြို့နေ ဒေသခံ တယောက်က ” စက်သုံးဆီ မ၀င်တာကြာပြီ ၊ပိတ်ခံထားရတော့ မှောင်ခိုစျေးကွက်ကနေပဲ ၀ယ်ယူနေရတာ နှစ်လကျော်ပြီ ၊ အခုဆို ဓာတ်ဆီ တဂါလံ လေးသောင်းခွဲနဲ့ ငါးသောင်းကြားမှာ ပေးနေရတာ ” လို့ပြောပါတယ်။
အဲ့ဒါကြောင့် တမူးနယ်က စီးပွားလုပ်ငန်းရှင် အများစု စက်သုံးဆီ ခက်ခဲလို့ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။
တမူးနယ်စပ်မှာ အဖွဲ့အစည်းပေါင်းစုံရှိနေပြီး အခုရက်ပိုင်းမှာ ၊တမူးမြို့ကိုဆက်သွယ် သွားလာလို့ရတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် တမူးမြို့နဲ့ဆက်သွယ်ထားတဲ့ ကလေးမြို့မှာလည်း ဓာတ်ဆီ တလီတာကို ရှစ်ထောင်ကျော် ပေးနေရတယ်လို့ သိရပါတယ်။