လားရှိုးတိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပန်းတချို့ကို MNDAA ပြန်လွှတ်ပေး

မေ ၁၂၊ ၂၀၂၅
Shy V (VOM)
လားရှိုးသိမ်း တိုက်ပွဲတုန်းက ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း တချို့ အခု ရက်ပိုင်း ပြန်လွှတ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ လားရှိုး ကုတင် ၁၀၀ ဆေးရုံ၊ မဆရ – ၁၀ (စစ်မြေပြင်ဆေးတပ်ရင်း)၊ တကရ – ၇၀၀၅ (တင့်ကားတပ်ရင်း)၊ ဝတရ – ၁ (ဝန်တင်တပ်ရင်း)၊ ဆသရ ခွဲ – ၁၀၁ (ဆက်သွယ်ရေးတပ်ခွဲ)၊ စခတ – ၁၁ (စစ်အခြေခံလေ့ကျင့်ရေးတပ်)၊ နမ္မတူ ရဲစခန်း၊ လောက်ကိုင်ရဲစခန်း တွေက အရာရှိတွေနဲ့ ခလရ – ၆၉ က အငြိမ်းစား အပါအဝင် စုစုပေါင်း ၄၂ ယောက် ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီ စစ်သုံ့ပန်းတွေဟာ သူတို့ ဆန္ဒအရ စစ်တပ်ဘက်ကို ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုထားသူတွေဖြစ်ပြီး စစ်တပ်ဘက်ကို ပြန်မလာချင်သူတွေကိုလည်း သီးခြား စီမံပေးနေတယ်လို့ ထင်မြင်ရတယ်လို့လည်း သူက ဆိုပါတယ်။
“လားရှိုး ဆုတ်ခွာပြီးနောက် အသုတ်လိုက်ရယ်တော့ လွှတ်ပေးတာ မရှိသေးပါဘူး။ လက်ရှိ MNDAA နဲ့ နီးစပ်သူတွေ ကနေတဆင့် တရုတ်ယွမ်ငွေပေးပြီး ထုတ်ယူနေတာတော့ ရှိတယ်။” လို့လည်း နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုးကို သိမ်းတုန်းက ဖမ်းဆီးထားခဲ့တဲ့ စစ်သုံ့ပန်း တချို့ကို MNDAA တပ်ဖွဲ့ကလောက်ကိုင်ဘက် ခေါ်ဆောင်သွားခဲ့ပြီးနောက် MNDAA တပ်ဖွဲ့က မေလ ၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရတယ်လို့ သူက ပြောပါတယ်။
“ပြန်လွှတ်ပေးသူတွေကို လားရှိုးထိ တိုက်ရိုက်ပို့ပေးတာပါ။ ငွေပေးပြီး ရွေးရတာတော့ မကြားသိရဘူးခင်ဗျ” အခြား သတင်းရင်းမြစ်က ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

✕
VOM News

FREE
VIEW