နာဂဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်ပြီး နေအိမ်တွေပျက်စီး

ဇွန် ၁ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြို၊ အိမ်ပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ နာဂဒေသ နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“မိုးက တောက်လျှောက် မဆက်မပြတ် ရွာလိုက်တော့ လေရှီး – ထမံသီ လမ်းပိုင်းက နေရာတွေမှာ သစ်ပင်ကြီးတွေ လဲကျနေတယ်။ မြေပြိုတာတွေ၊ ကမ်းပါးယံ ပြိုကျနေတာတွေလည်း ရှိတယ်။ နာဂနဲ့ အိန္ဒိယ ဆက်ထားတဲ့ မဏိပူရ် ပြည်နယ်ချင်းဆက် လမ်းမကြီးမှာလည်း မြေပြိုမှုတွေရှိနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါကြောင့် လက်ရှိ အဲဒီ လမ်းပိုင်းနေရာတွေမှာ ယာဉ်အသွားအလာတွေ ရပ်ဆိုင်းထားရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လေရှီးမြို့နယ်၊ မသော်ရီအုပ်စု၊ အမိမီကျေးရွာနဲ့ အမှုထမ်းရပ်ကွက်တို့မှာလည်း မြေပြိုကျမှုတွေကြောင့် လူနေအိမ်တွေနဲ့ စပါးကျီ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“အမှုထမ်းရပ်ကွက်မှာက နေအိမ်တလုံး မြေပြိုကျတဲ့အထဲ ပါသွားတယ်။ မေ ၃၀ ရက်နေ့က ဖြစ်သွားတာပေါ့။ အမိမီကျေးရွာကကျတော့ အိမ် နှစ်လုံးနဲ့ စပါးကျီတွေ မြေပြိုပြီး ပါသွားတာ။ စပါးတွေက တမိုးစာ သိုလှောင်ထားတာ။ အဲဒါတွေ ဆုံးရှုံးကုန်တယ်။ ရွာထဲက တခြားအိမ်တွေ၊ အိမ် သုံးလုံးလောက် ရှိမယ်။ မပြိုကျပေမယ့် နံရံတွေကွာကျပြီး ပျက်စီးတာတွေ ရှိတယ်။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်တာ မရှိဘူး” လို့ သူက ပြောပါတယ်။
အမိမီကျေးရွာဟာ တောင်ကုန်း ကမ်းပါးစောင်းမှာ တည်ထားတဲ့ရွာဖြစ်ပြီး ရက်ရှည် မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် မြေအောက်ရေတွေ စိမ့်ထွက်လာကာ မြေသားခိုင်ခံ့မှုမရှိဘဲ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
“မိုးရွာတာလည်း ကမ်းကုန်တယ်။ လေရော၊ မိုးရောကြမ်းတာ။ အိမ်ပြိုကျတာက လမ်းမကြီးဆိုတော့ လမ်းလည်းပိတ်နေတယ်။ ဒီနေရာတွေရဲ့ မြေကြောကလည်း မြေသားပျော့တဲ့ နေရာတွေဆိုတော့ မိုးရွာတာ ကြမ်းရင်ကြမ်းသလို မြေပြိုတာတွေ ခဏခဏဖြစ်တယ်” လို့ အမိမီကျေးရွာမှာ နေထိုင်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ နေအိမ် ပျက်စီးသွားသူတွေဟာ အိမ်ရဲ့ အရေးကြီး ပစ္စည်းတွေနဲ့အတူ လေရှီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရိပ်သာ (၂) မှာ ပြောင်းရွှေ့ နေထိုင်နေကြတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နန်းယွန်းမြို့မှာလည်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချောင်းရေကြီးနေပြီး မနေ့ မေလ ၃၁ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်က ချောင်းကူးတံတားတစင်း တောင်ကျရေနဲ့ မျှောပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ချောင်းကူးတံတားဟာ နန်းယွန်းမြို့၊ မြို့မရပ်ကွက်နဲ့ ရောကော့ရပ်ကွက်ကြား ရပ်ကွက်ချင်းဆက် သံမဏိ ချောင်းကူးတံတား ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် နန်းယွန်းမြို့၊ နားလုံရွာမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မနေ့ မေလ ၃၁ ရက်နေ့က ချောင်းရေလျှံပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်ကာ ရေကြီးမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“‌အိမ်တွေထဲ ရေဝင်တာ၊ ရေတိုက်စားတာကြောင့် အိမ်အတော်များများ ပျက်စီးကုန်တယ်။ တချို့အိမ်တွေဆို ခေါင်မြုပ်တယ်။ မိုးရော၊ လေရောကြမ်းလို့ အမိုးအကာတွေ လေနဲ့ပါပြီး ပျက်စီးကုန်တဲ့ အိမ်တွေလည်း ရှိတယ်။ ကျွန်မပြောတဲ့ ချောင်း ဆိုတာက ချင်းတွင်းမြစ်ဖျားက တရုံချောင်းလေးပါ။ အဲဒီချောင်းကနေ ရေတွေ ဒလဟော စီးလာပြီး ရွာထဲ ရေတွေရောက်လာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ဆွမ္မရာ – လေရှီးသွား လမ်းပိုင်းမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းတချို့ မိုးရေ စီးဆင်းမှု၊ မြေပြိုမှုတွေကြောင့် ပျက်စီးနေသလို သစ်ပင်တွေ လဲကျပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဖျားပိုင်း ဒေသတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းလျက်ရှိတာကြောင့် နာဂဒေသ အပါအဝင် ကချင်ပြည်နယ် (အထက်ပိုင်း) ဒေသတွေနဲ့ ချင်းပြည်နယ်တို့မှာ ရေကြီး၊ ရေလျှံမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW