ပုဂံမြို့သစ်၊ ဂန့်ဂါရွာမှာ ပဋ္ဌာန်းပွဲအတွက် အစည်းဝေးလုပ်နေချိန် ပစ်ခတ်ခံရလို့ ခုနှစ်ယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

ဇွန် – ၂ ၊ ၂၀၂၅
GG (VOM)
ရှေးဟောင်းယဥ်ကျေးမှုအနှစ်ဒေသ၊ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ်တောင်ပိုင်းရှိ ဂန့်ဂါရွာမှာ ပဋ္ဌာန်းပွဲအတွက် အစည်းဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပါတဲ့အဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ခုနှစ်ယောက်သေဆုံးကာ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က ဇွန် ၁ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ ဂန့်ဂါရွာရှိ ဓမ္မာရုံမှာ အုပ်ချုပ်ရေးမှူးအပါ ဒေသခံ ၁၅ ယောက်က (၁၉)ကြိမ်မြောက်အသံမစဲမဟာပဌာန်းပွဲကျင်းပဖို့အတွက် အစည်းအဝေးလုပ်နေချိန်မှာ PDF တွေက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။
” သေနတ်ပစ်သံကတော့ စက်သေနတ်နဲ့ပစ်သွားတဲ့အသံမျိုးလို့သိရတယ်။ သေနတ်သံပဲ ကြားရတာ ဘယ်သူမှအပြင်ထွက်မကြည့်ရဲကြဘူးပေါ့။ပြီးမှသာ အခြေအနေကိုသိရတာ။ ပစ်ခတ်မှုတွေပြီးတော့ စစ်သားတွေရောက်ပြီးမကြာဘူး အကုန်သယ်သွားတယ်သိရတယ်။သေတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ပထမ ခုနှစ်ယောက် ဆိုတာသိရတယ်။ပြီးတော့ထပ်တိုးသေတာ နှစ်ယောက်ရှိတယ်လို့သိရပေမယ့် ဘယ်သူဘယ်ဝါသေချာမသိရသေးဘူး။ခုနှစ်ယောက်ကတော့သေချာတယ်။ ” လို့ ဂန့်ဂါရွာအနီးနေထိုင်သူကပြောပါတယ်။
လက်ရှိသိရှိရတဲ့ သေဆုံးသူစာရင်းမှာ ဂန့်ဂါကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူဦးဇော်ဇော်(ခ)ဦးမြင့်ဇော် ၊ ဦးတင်မြိုင် ၊ ဦးခင်မောင်ဌေး ၊ ဦးခင်မောင်သန်း ၊ ဦးသန်းထွန်း ၊ ဦးစိုးမင်း ဆိုသူနဲ့ ဦးကြည်ထွန်း တို့ဖြစ် တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေက ဒေါ်ခင်စန်းမြင့် ၊ ဦးလှဟန် ၊ ဦးကောင်းမြတ်စိုး၊ဦးကျော်အောင် ၊ ဦးဝင်းလှိုင်နဲ့ နောက်ထပ်တယောက်တို့ဖြစ်တယ်လို့သိရပါတယ်။\
အဆိုပါ.ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရ သူတွေနဲ့ သေဆုံးသူတွေကိုတော့ ညောင်ဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ယခုလို အသတ်ခံခဲ့ရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်တာမျိုးမတွေ့ရှိရသေးလို့ VOM အနေနဲ့ သီးခြားအတည်ပြုချက် မရနိုင်သေးပါဘူး။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW