မိတ္တီလာ – ကျောင်ပန်းတောင်း လမ်းမှာ Elite Express မှောက်လို့ ခြောက်ယောက်သေပြီး ၁၄ ယောက်ဒဏ်ရာရ

ဇွန် – ၂ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း ၊ မိတ္တီလာ – ကျောင်ပန်းတောင်း ကားလမ်း၊ ဖလန်ကျင်းရွာအနီးမှာ ဒီနေ့မနက်အစောပိုင်းက Elite Express ခရီးသည်တင်ကား တိမ်းမှောက်ပြီး ခြောက်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ယောက်လောက်အထိရှိ ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂ ရက်နေ့ ၊မနက်အစော ၂ နာရီခွဲလောက်မှာခရီးသည်တင်ကား တိမ်းမှောက်ကြောင်းသတင်းရရှိခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူတွေ ထဲမှာ ကလေးငယ်တယောက်ပါဝင်ပြီး ထိခိုက်ဒဏ်ရာရ ရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူ လေးယောက် ပါရှိတယ်လို့ မြေပြင်ကူညီရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။
” သေတာက အသက် ၄ နှစ်ကလေးပါတယ်။အသက်၃၀ ကျော် မိန်းကလေးနှစ်ယောက်၊အသက် ၆၀ ကျော်နှစ်ယောက်ပါတယ်။နောက်တယောက်ကမသိရသေးဘူး။ ကလေးလေးနဲ့ ကောင်မလေးနှစ်ယောက်ဆိုရင် ကားပိနေတာ မြင်လို့တောင်မကောင်းဘူး။နောက်အသက်ကြီးနှစ်ယောက်ကကြားညပ်ပြီးသေတာ။ကားက ညာအကွေ့ကိုကွေ့တာ အရှိန်များပြီး ပြန်ထိန်းချိန် မထိန်းနိုင်ဘဲ ဘယ်ဘက်ကိုစောင်းပြီးမှောက်ကြတဲ့ပုံပါ။ ဒဏ်ရာပြင်းထန်လေးယောက်ပါတယ်။ကားပေါ်ပါသူအကုန်ဒဏ်ရာရတယ်။ပြင်းတာနဲ့ နည်းတာပဲရှိတယ်။”လို့ မြေပြင်ကူညီရေးသွားခဲ့တဲ့ မိတ္တီလာအခြေစိုက် ဝန်ဇင်းလူငယ်အသင်းဝင်ကပြောပါတယ်။
အဆိုပါ Express ကားက ရန်ကုန်ကနေ မောင်းနှင်လာတဲ့ ကားဖြစ်ကြောင်း ကနဦးသိရပြီး ကားပေါ်မှာ လူ ၂၀ လောက်လိုက်ပါတဲ့အနက် ကလေးအပါ ခြောက်ယောက်သေဆုံးခဲ့ကာ ကျန်သူအားလုံးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” သေတာက ခြောက်ယောက်ဟုတ်ပါတယ်။သေဆုံးသူတွေအချက်အလက်တော့မသိရသေးဘူး။ ” လို့ မြေပြင်ကူညီရေးသွားခဲ့တဲ့ ပြည်သာယာ လူမှုကူညီရေးအသင်း ဝင်ကပြောပါတယ်။
လက်ရှိမှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို မိတ္တီလာ ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ပြည်သာယာအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW