ဇွန် ၁၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ နမ့်လုတ်ရွာ အနီးမှာ MNDAA တပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့ တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟန်နား ဆိုတာ လားရှိုး အကျော် စဉ့်အင်နား။ ဘာကြောင့် တိုက်ပွဲ ဖြစ်တာလဲတော့ မသိဘူး။ ခု ဇွန်လ ၁ ရက်နေ့ ညနေ ချနေကြတယ်။” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု၊ နားလိုင်ရွာ အနောက်ဘက်ခြမ်း အထွက်ဘက်မှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ နဲ့ ၂ နာရီခွဲဝန်းကျင်ခန့်က SSPP/SSA စစ်ကြောင်းကို MNDAA တပ်မ အမှတ် ၆၁၁ လက်အောက်ခံ တပ်ဖွဲ့က ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက် တိုက်ပွဲဲဖြစ်ပွားခဲ့ကြောင်း SSPP/SSA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ ဘက်က တပ်သား ၈ ယောက်ကျဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူတွေလည်း ရှိကာ ညနေ ၄ နာရီခန့်မှာတော့ ဟန်နားရွာဘက်ကို MNDAA တပ်ဖွဲ့က ထပ်မံ ထိုးစစ်ဆင်ခဲ့လို့ တိုက်ပွဲဆက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စိန်ကျော့၊ ဆောင်ကျဲ၊ ဟန်နား၊ ပန်ညု၊ နားမခေါ် တွေကတော့ MNDAA နဲ့ သက်ဆိုင်တဲ့ နေရာ မဟုတ်ပဲ အရင်ကတည်းက SSPP/SSA တွေရှိနေတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နားလိုင်ရွာ၊ ဟန်နားရွာ၊ ဟိန်းလွမ့်ရွာ၊ ကောင်းကော်ရွာ တွေထဲက ဒေသခံတွေက တိုက်ပွဲ ဖြစ်ပွား နေချိန် တိုက်ပွဲ ဘေးလွတ်ရာဘက် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း SSPPက ဖော်ပြထားပါတယ်။
ညနေပိုင်း ၅ နာရီခန့်မှာ MNDAA တပ်ဖွဲ့ က တိုက်ပွဲဖြစ်ပွားတဲ့ နေရာကနေ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲငြိမ်နေပေမယ့် နှစ်ဖက် အင်းအား ထပ်ဖြည့်နေကြောင်း လည်း ဖော်ပြထားပါတယ်။
မေလ၂၅ ရက်နေ့မှာလည်း သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုရှိ ခိုနန်းဖရွာမှာ နေရာယူထားတဲ့ MNDAA တပ်ဖွဲ့ တွေကို စခန်းဆုတ်ခွာပေးဖို့ SSPP/ SSA တပ်ဖွဲ့ လာရောက် တောင်းဆိုရာက နှစ်ဖက် အခြေအနေ ပြန်လည် တင်းမာလာနေတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါ လားရှိုးကြားရှိတဲ့ နမ္မ၊ ဟန်နား ရွာတွေမှာ MNDAA တပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့တို့အကြား ထိတွေ့မှု ၈ နေရာနဲ့ နှစ်ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိ ရှိခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဧပြီလကုန်ခန့်က MNDAA တပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့ တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကိစ္စ နဲ့ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ ကြားသိရပြီး နှစ်ဖက်တပ်စခန်းတွေမှာ အင်အားထပ်ဖြည့် ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# Google