မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်လို့ ခြောက်ယောက် ဒဏ်ရာရ

ဇူလိုင် ၁၄ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မနေ့ ဇူလိုင် ၁၃ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) မှ ဒီနေ့ ဇူလိုင် ၁၄ ရက်၊ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
မနေ့ည ၁၀ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ မိုးကုတ်မြို့ (အရှေ့ခြမ်း)၊ ပန်းမထိပ်အနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြောက်ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ပန်းမထိပ်၊ ငါးအိမ်စုမှာ ဖြစ်တာပါ။ အိမ်ပါတုန်တယ်။ လေကြောင်းတိုက်ခိုက်ပြီးတာတောင် လေယာဉ်က အကြာကြီး ဝဲနေသေးတာ။ အကုန်လုံး မီးအမှောင်ချပြီး ငြိမ်နေရတယ်။ ဘဝတွေက ခါးသီးလိုက်တာဆိုတာ။ ဘယ်လုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး။ ဟိုတခေါက်ကလည်း ဒီ ပန်းမထိပ်ပဲဖြစ်တာ။ နေရာချင်း သိပ်မဝေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
‎ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း မိုးကုတ်မြို့ (အရှေ့ပိုင်း)၊ တောင်ကချင်ရပ်ကွက်၊ ပန်းမထိပ်ဘက်ခြမ်းက ကုလားခြံမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ (အနောက်ပိုင်း)၊ ဂေါင်းဦးဘာရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“မိုးကုတ်က ပြည်သူတွေ တတ်နိုင်ရင် မိုးကုတ်က ထွက်စေ‌ချင်တယ်။ ရှေ့ကို ဒီထက် ပိုဆိုးဖို့ပဲရှိတယ်။ နောင်ချိုနဲ့ သပိတ်ကျင်းပြီးသွားရင် မိုးကုတ်နဲ့ ကျောက်မဲအလှည့်ပါ။ အတတ်နိုင်ဆုံး လက်နက်ကိုင်တွေနဲ့ ဝေးရာအရပ်မှာ နေကြဖို့ အကြံပြုချင်တယ်။ နောင်ချို တန်ပြန်ထိုးစစ်အတွက် ထောက်ပံ့လို့ရမယ်ထင်သမျှ လမ်းတိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်” လို့ လူမှုကူညီရေး လုပ်ဆောင်ပေးနေသူ တယောက်က ပြောပါတယ်။
မိုးကုတ်မြို့ရဲ့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ရေး လေ့လာသူတွေကတော့ လက်ရှိမှာ နစကဟာ မိုးကုတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာနေတယ်လို့ သုံးသပ်ကြပါတယ်။
“လက်ရှိမှာ မိုးကုတ်နဲ့ ကျောက်မဲဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ လတ်တလော အမြင်အရ နစကအနေနဲ့ မိုးကုတ်မြို့ကို အလုံးစုံ ပြန်ပြီး စိုးမိုးနိုင်ဖို့ ပြင်ဆင်နေပုံရတယ်။ လက်ရှိမှာလည်း နောင်ချိုမြို့ကို ပြန်သိမ်းဖို့ လေကြောင်းကရော၊ မြေပြင်ကရော အပြင်းအထန် ထိုးစစ်ဆင်နေတာဆိုတော့၊ အခုလည်း နောင်ချိုမြို့ပေါ်အထိ နစကတပ်တွေ ရောက်နေပြီကြားတယ်။ ဆိုတော့ ဒီအချိန်မှာ နောင်ချိုနဲ့ ကပ်လျက်ရှိတဲ့ ကျောက်မဲနဲ့ မိုးကုတ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နေတာ” လို့ စစ်ရေးလေ့လာသူ တယောက်က ပြောပါတယ်။
ဒါဟာ စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်ဆောင်နေတဲ့ သဘောလည်းဖြစ်ပြီး နောက်ပိုင်း မိုးကုတ်နဲ့ ကျောက်မဲဘက်မှာ အခုထက်ပိုပြီး စစ်ရေးအခြေအနေ တင်းမာလာမယ့်သဘော ရှိနေတယ်လို့ သူက ပြောပါတယ်။
ကျောက်မဲမြို့မှာလည်း မနေ့ ဇူလိုင် ၁၃ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် နှစ်လုံးနဲ့ စက်ရုံ တရုံ ပျက်စီးသွားခဲ့တယ်လို့ သိရပြီး လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နစက တာဝန်ရှိသူတွေဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW