ဇူလိုင် ၁၆ – ၂၀၂၅
SS (VOM)
ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ပြေးဆွဲခဲ့တဲ့ MNA လေယာဉ် မတော်တဆမှုနဲ့ ပတ်သက်လို့ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) တာဝန်ရှိသူက အဆိုပါ အကြောင်းအရာဟာ သတင်းမှားသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
ရန်ကုန် – ကူမင်း ပြေးဆွဲနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကို ဆင်းသက်ချိန် Landing Gear ပျက်စီးသွားတဲ့အတွက် ခရီးသည်တွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ တရုတ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ MNA လေကြောင်းလိုင်းမှ တာဝန်ရှိသူ တယောက်ကို VOM က ဆက်သွယ် မေးမြန်းရာမှာ “မဟုတ်ပါဘူး။ ဒါက သတင်းမှားပါ။ တကယ်လို့ ဟုတ်တယ်ဆိုရင် ကျွန်တော်တို့ Page မှာ တရားဝင် အတိအလင်း ကြေညာပေးမှာပါ” လို့ ပြောပါတယ်။
တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ရန်ကုန်ကနေ မြန်မာစံတော်ချိန် ည ၇ နာရီ ၁၃ မိနစ်အချိန် ထွက်ခွာ ပျံသန်းသွားတဲ့ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ရဲ့ UB805 လေယာဉ်ဟာ တရုတ်နိုင်ငံ၊ ကူးမင်း ချန်ရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တရုတ်စံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ရောက်ရှိချိန်မှာ စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ချန်ရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပြီးနောက် လေဆိပ် (ZPPP)၊ ပြေးလမ်း ၀၃ မှာ ဆင်းသက်စဉ် လေယာဉ်ရဲ့ ညာဘက်ပင်မ ဘီးစနစ်ဂီယာ (လေယာဉ်ကို ထောက်မတ်တဲ့ ဘီး) ကျိုးပဲ့ ပျက်စီးသွားတဲ့အတွက် UB-805 ခရီးစဉ်လေယာဉ်ဟာ ပြေးလမ်းပေါ်မှာ ပိတ်မိနေခဲ့တယ်လို့ JacdecNews သတင်းဌာနက ဖော်ပြထားပါတယ်။
ညာဘက်ပင်မ ဘီးစနစ်ဂီယာ ကျိုးပဲ့သွားတဲ့ အဆိုပါ လေယာဉ်ဟာ ကိုယ်ထည် တိမ်းညွတ်သွားခဲ့ပြီး ညာဘက် အင်ဂျင်က မြေပြင်နဲ့ ထိမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဆိုပါလေဆိပ်မှ အရေးပေါ် စီမံ ဆောင်ရွက်မှုတွေနဲ့ လေယာဉ်ပေါ်ရှိ ခရီးသည်အားလုံးကို ဘေးကင်းစွာ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ UB-805 လေယာဉ်ကို ၂ နာရီအတွင်း ပြေးလမ်းမှ ဖယ်ရှားနိုင်ခဲ့ပြီး ချန်ရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ပုံမှန် ပြန်လည် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
MNA လေကြောင်းလိုင်းဟာ ရန်ကုန် – ကူမင်း – ရန်ကုန် ခရီးစဉ်ကို Boeing 737-800 NG လေယာဉ်နဲ့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းလိုင်းမှာ Boeing 737-800 လေယာဉ် နှစ်စီး၊ ATR 72-600 ရှစ်စီးနဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေ ပြေးဆွဲနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း အဆိုပါ MNA လေကြောင်းလိုင်းမှ မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်မြို့ကို ထွက်ခွာ ပျံသန်းမယ့် ခရီးသည်တင် လေယာဉ်တစီး ပျံသန်း ထွက်ခွာချိန်မှာ လေယာဉ်ဘီးပေါက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။
မေလ ၇ ရက်နေ့မှာတော့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ရာမှာ မန္တလေးကနေ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်တစင်း ပြေးလမ်းပေါ်မှာ ပျံတက်ဖို့ လုပ်ဆောင်ချိန် ဘရိတ်စနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး တာယာပွင့်ထွက်၊ မီးစွဲလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လေယာဉ်ဘီးတာယာ ပွင့်ထွက် မီးလောင်ကျွမ်းချိန် လေယာဉ်ကို ပြေးလမ်းပေါ် ရပ်တန့်နိုင်ခဲ့ကာ လေဆိပ်မှာရှိတဲ့ Fire fighting Service က လာရောက် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လေယာဉ်ပေါ်က ခရီးသည်တွေကို နားနေဆောင်ကို ရွှေ့ပြောင်းနိုင်ခဲ့ပြီး တခြား လေယာဉ်တစင်းနဲ့ အစားထိုးကာ ရန်ကုန်မြို့ကို ဆက်လက် ပို့ပေးနိုင်ခဲ့တယ်လို့ MNA က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Photo – JacdecNews