ဇူလိုင် ၁၇ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မလကျွန်း၊ ပြိုင်းစေ့ကေ (အမှတ် (၃၂) ရဲတပ်ရင်းအနီး) နဲ့ ကပ်သပြေ ကျေးရွာအနီးရှိ ကာကင်းစခန်း နေရာသုံးခုမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
နစကရဲ့ အဆိုပါ စခန်းတွေကို AA က အခု ဇူလိုင်လ ပထမပတ်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အမှတ် (၃၂) ရဲတပ်ရင်းက ဒီကျောက်ဖြူမြို့မှာ နစကရဲ့ သေနင်္ဂဗျူဟာအရ အရေးပါဆုံး စခန်းလည်း ဖြစ်တယ်။ AA က ဒီ ရဲတပ်ရင်းကို သိမ်းပြီးရင် ခြေမြန်တပ်ရင်း (ခမရ – ၅၄၂၊ ၅၄၃) တပ်ရင်းတွေကို ဆက်သိမ်းမယ့်သဘော ရှိနေတယ်။ ဒါကြောင့် တိုက်ပွဲက ခုရက်ပိုင်း ပိုစိပ်လာတယ်။ နေ့တိုင်းလိုလို တိုက်ပွဲရှိနေတယ်။ နှစ်ဖက် အထိအခိုက်လည်း ပိုများလာတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ကပ်သပြေစခန်းဟာလည်း ကျောက်ဖြူ ရေတပ်ဌာနချုပ်အတွက် အရေးပါတဲ့ ရှေ့ထွက် ကာကင်းစခန်းတခု ဖြစ်တာကြောင့် အဆိုပါစခန်း ကျသွားပါက နောက်ထပ် ကာကင်းစခန်းတွေပါ အလွယ်တကူ ကျသွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
နစကတပ်ဟာ ဓည၀တီ ရေတပ်ဌာနချုပ်အနီး ပတ်ပတ်လည်မှာ ကာကင်းစခန်း ၁၀ ကျော် အထိုင်ချထားတာဖြစ်ပြီး အဆိုပါ စခန်းတွေထဲက တခုဖြစ်တဲ့ ကပ်သပြေစခန်းကို AA က ဇူလိုင်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ AA ဟာ ကျောက်ဖြူမြို့ပေါ်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် ပြိုင်းစေ့ကေ ကျေးရွာအနီးရှိ အမှတ် (၃၂) ရဲတပ်ရင်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသလို တိုက်ပွဲအတွင်း နစကတပ် အင်အားဖြည့်တင်းနေတဲ့ ဓညဝတီ ရေတပ်စခန်းက ထောက်ပို့ လမ်းကြောင်းတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဒီဘက်မှာက တိုက်ပွဲ ပြင်းထန်တယ် ဆိုပေမယ့် လေယာဉ်သုံးပြီး လေကြောင်း တိုက်ခိုက်တာက မရှိသလောက်ဘဲ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ နစကဘက်က ဒရုန်းတွေ ပိုသုံးလာတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ ကျောက်ဖြူမြို့နယ်မှာ တရုတ်စီမံကိန်းတွေ များစွာ တည်ရှိနေတဲ့အတွက် နစကဟာ ကျောက်ဖြူမြို့ မပေးရရေး ဘက်ပေါင်းစုံကနေ ခုခံ ကာကွယ်နေသလို တရုတ်နိုင်ငံက ဒရုန်းပညာရှင်တွေကိုလည်း ခေါ်ယူထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခြေလျင်တပ်ရင်း (ခလရ – ၃၄)၊ ခြေမြန်တပ်ရင်း (ခမရ – ၅၄၂၊ ၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်ဌာနခွဲတို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ AA ဟာ ဓည၀တီ ရေတပ်ဌာနချုပ်ကနေ ကျောက်ဖြူမြို့ပေါ်ကို သွားတဲ့ ကားလမ်းတလျှောက်က ပြားတဲ၊ မင်းတက်တောင်၊ စက်မှုလက်မှု သင်တန်းကျောင်း စတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
AA အနေနဲ့ ကျောက်ဖြူမြို့နယ် အတွင်းရှိ အမှတ် (၃၂) ရဲတပ်ရင်းအပြင် တရုတ်အစိုးရပိုင် Power China သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ၊ ကုန်းတွင်း သဘာ၀ဓာတ်ငွေ့ လက်ခံသိုလှောင် ပို့ဆောင်ရုံ (OGT) အပြင် အဲဒီကပ်ရပ်က မလကျွန်း ကျေးရွာတဝိုက်ရှိ ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ ရေတပ်ဌာနချုပ်အနီးက ကာကင်းတွေကိုပါ တိုက်ခိုက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်ဖြူ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်ဦးရေ ငါးသောင်းကျော် ဝန်းကျင်အထိ ရှိလာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိ အချိန်အထိ မိမိနေရပ်ကို မပြန်နိုင်သေးဘဲ နီးစပ်ရာ ကျေးရွာတွေ၊ တောတောင်၊ လယ်ယာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး အကူအညီ များစွာ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့ရဲ့ စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်က တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ