ဇူလိုင် ၁၇ ၊ ၂၀၂၅
GG (VOM)
နှစ်လကျော်ကြာပိတ်ထားတဲ့ ဖားကန့် – ကားမိုင်းလမ်းပိုင်းကို ဒီနေ့ ဇူလိုင် ၁၆ ရက်မှစပြီး KIA ဘက်က သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖားကန့် – ကားမိုင်းလမ်းကို သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်ပေမယ့်လည်း နယ်မြေအခြေအနေအရ သွားလာရဲသူမရှိသေးတဲ့အတွက် ကား ၊ဆိုင်ကယ် ဖြတ်သန်းသွားလာမှု မရှိသေးဘူးလို့သိရပါတယ်။
” အခုသူတို့က ဖွင့်ပေးလိုက်ပြီဆိုပေမယ့်လည်း ချက်ခြင်းဘယ်သူမှ ဦးဆောင်မသွားရဲဘူးဖြစ်နေတာ။အခြေအနေကြည့်နေကြတယ်။နောက်ရက်တွေ အခြေအနေကောင်းရင်တော့ သွားကြမှာပါ။ဒီနေ့တော့ဘယ်သူမှအသွားအလာမရှိသေးဘူး။လမ်းအခြေအနေကို နီးစပ်ရာစုဲစမ်းနေကြတုန်းပဲ။စွန့်စားသွားရမှာဆိုတော့လေ။” လို့ ဖားကန့်မှ ကားသမားတစ်ဦးကပြောပါတယ်။
အဆိုပါ ဖားကန့် – ကားမိုင်းလမ်းကိုတော့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကတည်းက KIA နဲ့ နစကလုံခြုံရေးတပ်ဖွဲ့ နှစ်ခုလုံးက သွားလာခွင့်ပိတ်ထားတာဖြစ်ကြောင်း ၊ ယခုနှစ်လကျော်အကြာမှသာ လမ်းပိုင်းသွားလာခွင့်ပြန်လည်ခွင့်ပြုတာဖြစ်ပေမယ့် လမ်းတလျှောက်မှာ နှစ်ဖွဲ့လုံးက နယ်မြေစိုးမိုးမှုရှိတဲ့အခြေအနေကြောင့် ဖြတ်သန်းသွားလာဖို့အတွက် စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ဖားကန့် – ကာမိုင်းလမ်းမှာက တိုက်ပွဲလုံးဝရပ်သွားတာမျိုးမဟုတ်ဘဲ ရံဖန်ရံခါ ပစ်ခတ်မှုတွေရှိနေသေးတယ်လို့သိရပါတယ်။
” ကားမိုင်းလမ်းဖွင့်တယ်လို့ပြောနေပေမယ် အဦးဆုံးဘယ်ကားမှာမသွားရဲကြဘူး။ နန့်ယားလမ်းက ဒီကနေ့ နေ့လယ်ထိ ကားတွေ အတက်အဆင်းမရှိသေးပါဘူး။လမ်းပိုင်းတချို့အတွက်မိုင်းတွေ ရှင်းလင်းပြီးသွားပြီလို့တော့သိရတယ်။” လို့ကားမိုင်း – ဖားကန့်လမ်းပိုင်းမှာရှိတဲ့ဒေသခံကပြောပါတယ်။
ဖားကန့်- ကားမိုင်းလမ်း ပိတ်ထားချိန် လနဲ့ချီကြာမြင့်တာကြောင့် ဖားကန့် မြို့အပါအဝင် လမ်းပိုင်းတလျှောက်ရှိ ရွာတွေကပြည်သူတွေ မှာလည်း စားနပ်ရိက္ခာအပါအဝင် ကုန်စည်စီးဆင်းမှု ခက်ခဲပြီး ကုန်ပစ္စည်းပြတ်လပ်ခြင်း ၊စျေးနူန်းကြီးမြင့်ခြင်း ၊ဆေးဝါးမလုံလောက်ခြင်းတွေကို ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။
ဒါကြောင့် ယခု ဖားကန့်-ကားမိုင်း လမ်းကိုသွားလာခွင့်ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းက ဒေသခံတွေအတွက် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး ကျန်းမာရေး ကိစ္စတွေအတွက်ပါ အဆင်ပြေစေကြောင်း သိရပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုအပြင် လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေပါရှိနေတယ် လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ