နောင်ချိုမြို့ကို နစက တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်

ဇူလိုင် ၁၇၊ ၂၀၂‌၅
Shy V(VOM)
TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့မှာ နစက တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း MOI ကသတင်း ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က နစက စစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ဆက်လက် မခုခံနိုင်တော့ပဲ ဆုတ်ခွာထွက်ပြေးသွားလို့ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီချိန်ခန့်မှာ နောင်ချိုမြို့ တမြို့လုံးကို နစက တပ်ဖွဲ့က အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။
ကျောက်ကြမ်း နေရာတဝိုက်ကို ဇူလိုင်လ ၁၅ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တောင်ခမ်း – ရွှေသွန်း – ဂုတ်ထိပ် – နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ် အနီးတဝိုက်ကို ဇူလိုင်လ ၁၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကာ တောင်ခမ်း – ကံကြီး – နောင်ချိုလမ်းကြောင်းရှိ နမ့်ဆောင်ဟူး တဝိုက်ကို အခု ဇူလိုင်လ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကြောင်း တွေခွဲပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ယာယီ ခံစစ် စခန်း တွေကို မြေပြင်၊ ဝေဟင် ပေါင်းစပ် တိုက်ခိုက်ခဲ့ပြီး ပြင်ဦးလွင် – နောင်ချို ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ အုမ္မသီးလမ်းခွဲ ကနေ အုမ္မခါးရွာ အထိကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပြန်လည် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ကို ယာယီထိန်းချုပ်ထားတဲ့ TNLA အဖွဲ့၊ MDY-PDF နဲ့ ဓနု PDF တို့က စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်နေ့ကစ တောင်ခမ်းတပ်နယ် အနီးတဝိုက်တွေမှာ နေရာယူကာ နစက တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဓိက ထောက်ပို့ လမ်းကြောင်းဖြစ်တဲ့ နောင်လင်း – မဲပုတ် – ဈေးကုန်းလမ်း၊ နားရှိုး – ဈေးကုန်းလမ်းဆုံ‌ တွေ၊ ယာပြင် – အင်းဖို – တောင်ရှည် လမ်းကြောင်းနဲ့ တောင်ခမ်းရွာ နေရာတွေကို ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်တာတွေ၊ နောင်လင်း – မဲပုတ် – မကျည်းရေ လမ်းကြောင်း ကနေ Drone၊ လက်နက်ကြီး တွေနဲ့ တိုက်ခိုက်ခဲ့တယ်။
ပြင်ဦးလွင် – နောင်ချို ဆက်သွယ်ရေး လမ်းမကြီးပေါ်ရှိ ကျောက်ကြမ်း၊ အုမ္မခါး၊ ရေမောင်းတန်း၊ အုမ္မသီး၊ ဘန့်ဘွေး နဲ့ ပြင်ဦးလွင် – မိုးကုတ် လမ်းကြောင်းပေါ်ရှိ ဟိုခို၊ သံဘို၊ ကျောက်မဲလေး အထိ တိုးချဲ့တိုက်ခိုက်လာခဲ့တယ်။
အဲဒီလို တိုက်ခိုပ်လာမှုကြောင့် နစက တပ်ဖွဲ့က တောင်ခမ်းဒေသကို ကွန်မန်ဒိုအဖွဲ့တွေ၊ စစ်ကူစစ်ကြောင်းတွေ၊ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေ ဖြည့်တင်းခဲ့ပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေ ပူးပေါင်းကာ မြေပြင်၊ ဝေဟင် ပေါင်းစပ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ကစ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကိုချေမှုန်း စစ်ဆင်ရေး (Counter – Terrorism Operation) နဲ့ တန်ပြန်တိုက်စစ် တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မကျည်းရေ နဲ့ တောင်ခမ်းကို ဆက်သွယ်တဲ့ လမ်းကြောင်း တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲလေး ဒေသ ကနေ သံဘိုရွာအနီးနဲ့ ဘန်ဘွေး ဒေသ ဂန့်ဂေါ် – အုမ္မသီးလမ်းခွဲ‌ေတွကိုလည်း တန်ပြန်တိုက်စစ်နဲ့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်ကစ နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က အင်အား အလုံးအရင်းနဲ့ အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် ခံစစ်ဆင်ဆုတ်ခွာခဲ့ကာ တောင်ခမ်းတပ်နယ်နဲ့ ပြင်ဦးလွင်တပ်နယ် နယ်မြေခံတပ်တွေနဲ့ ပူးပေါင်းပြီးတောင်ခမ်းနဲ့ ပြင်ဦးလွင် – နောင်ချိုမြို့နယ် ထိစပ်နေတဲ့ ဒေသ တွေမှာ ယာယီ ခံစစ်ဆင်ကာ ပြန်လည်ခုခံခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နဲ့ မြို့တဝိုက်ကို စစ်ဆင်ရေးကာလ ၁၁ လ အတွင်း TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့‌ တွေနဲ့ တိုက်ပွဲကြီး အကြိမ်၂၀၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
TNLA ဘက်ကတော့ လမ်းပန်း ဆက်သွယ်ရေးမှာ အဓိက အချက်အခြာတဲ့ ဂုတ်တွင်းတံတားကိုလလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ဟာ တရုတ် – မြန်မာ နယ်စပ်စီးပွားရေးရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ မန္တလေး – မူဆယ်လမ်းမကြီး ဖြစ်တဲ့ အမှတ် ၁၄ အာရှ လမ်းမကြီး ပေါ်မှာရှိတဲ့ အချက်အချာကျရာ မြို့ဖြစ်ပြီး တောင်ကြီးမြို့နဲ့လည်း အမှတ် ၄၃ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်သွယ်သွားလာလို့ရကြောင်း ဖော်ပြထားပါတယ်။
ဒေသခံပြည်သူတွေ အန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ဖို့နဲ့ အစိုးရအုပ်ချုပ်မှု ယန္တရားတွေ အမြန်ဆုံးလည်ပတ်နိုင်ဖို့ မြေမြှုပ်မိုင်း ရှင်းလင်းကာ အဆောက် အအုံတွေကို ဒေသခံတွေနဲ့ ပူး‌ေပါင်းပြီး ပြန်လည်ပြုပြင်သွားမှာ ဖြစ်ကြောင်း၊ နယ်မြေ လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW