ဇူလိုင် ၁၆-၂၀၂၅
နွယ်နီ (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်နေရာအများစုကို နစက တပ်များက ဇူလိုင် ၁၅ ရက်မှာ သိမ်းပိုက်ခဲ့ ပြီးနောက်၊ ဂုတ်ထိပ်လမ်းပိုင်းနှင့် ကျောက်ကြမ်း-နောင်ချိုလမ်းပိုင်းကို ထပ်မံထိုးစစ်ဆင်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
“ကျောက်ကြမ်းကို ရပြီးတော့ အခု ခလရ ၁၁၄ တို့ ၁၁၅ တို့ဘက်ကို ထပ်ပြီး တိုးလာပြီ။ နောက်ပြီး တောင်ခမ်းက စစ်ကြောင်းတချို့က ဂုတ်ထိပ်ဘက်ကို ထပ်တိုးနေတယ်” လို့ နောင်ချိုမြို့ခံတယောက်က ပြောပါတယ်။
နောင်ချိုမြို့ တောင်ဘက်တစ်ခုလုံးအား သိမ်းပိုက်ပြီး၊ နောင်ချိုမြောက်ဘက်အခြမ်းရပ်ကွက်တွေကို နစက စစ်ကြောင်းတွေက ဆက်လက်ရှင်းလင်းနေတယ်လို့ နောင်ချိုမြို့ခံ တယောက်က ပြောပါတယ်။
“မြို့ထဲမှာ အကုန်လုံး ရသွားပြီးတော့ မြို့မြောက်ဘက်အခြမ်းပဲ ကျန်မယ်။ အဲဘက်မှာ အသံတွေ ကြားနေရတယ်”
နစကရဲ့ ထိုးစစ်ကြောင့် မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို နေရာပြောင်းပြီး ဆောင်ရွက်မယ်လို့ TNLA ကလည်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ နောင်ချိုမြို့ကို ၂၀၂၃ ဇွန်လမှာ TNLA တပ်ဖွဲ့က သိမ်းထားတာဖြစ် ပါတယ်။ နစက တပ်များက တစ်နှစ်နီးပါးအကြာမှာ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
နောင်ချိုတိုက်ပွဲတွေကြောင့် မြို့ခံ အနည်းဆုံး သုံးသောင်းကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။
TNLA တပ်ဖွဲ့တွေဘက်က မြို့ကနေ မဆုတ်ခွာမီ ဇူလိုင် ၁၃ မှာ နောင်ချိုဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီး ခဲ့တာကြောင့် နောင်ချိုနဲ့ ကျောက်မဲမြို့ကြား ကူးလူးသွားလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နစကနဲ့ TNLA တို့ကြား တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေးရန် နစကဘက်က တောင်းဆိုထားတာ။
နောင်ချိုကို နစက တပ်များက သိမ်းပိုက်ပြီး၊ ကျောက်မဲနဲ့ ကျန်နေတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင်နိုင် တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ် ။