ဆူးငှက်
ဆရာမြို့မငြိမ်း၏ ဂီတအလုပ်ဆိုသည်က သီချင်းတွေ ရေးရုံဖြင့် တင်းတိမ်ကျေနပ်ကာ အချိန်ကုန်ခဲ့သည်မဟုတ်။ သေးသေးမွှားမွှား မဟုတ်။ ဆရာ့ရည်ရွယ်ချက်၊ ဆရာ့စိတ်ကူးစိတ်သန်းက မြို့မတူရိယာအသင်း စတင် သန္ဓေတည်စဉ်ကပင် မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်စေရန်နှင့် ဆင်ဖိုနီခေါ် မြန်မာ့သံစုံတီးဝိုင်းကြီး ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်ဦးတည် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဂီတနှင့်ပတ်သက်၍ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စိတ်ကူးထားသူဖြစ်သည်။ ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုမထားအပ်၊ လူသားအားလုံးပိုင် ပစ္စည်းအဖြစ် ယုံကြည်သည်။ ဂီတသည် အလွန်လေးနက်သည့်သဘောရှိသည်ဟု ခံယူသူလည်းဖြစ်၏။ စာဖြင့် ဖွဲ့မပြနိုင်သည့် ရင်ဖြင့်ခံစားမှုကို ဂီတဖြင့် ဖော်လှစ်နိုင်သည်ကို ဆရာမြို့မငြိမ်းက အကြွင်းမဲ့လက်ခံသည်။ ထို့ကြောင့် နားဖြင့်သာမက ရင်ဖြင့်ခံစားနိုင်သည့် ဂီတမျိုးကို ဆရာက ဖွဲ့ချင်သည်။
သို့သော် အနေအထိုင် ရိုးသား သိုသိပ်လွန်းလှသဖြင့် ဆရာမြို့မငြိမ်း၏ ရည်ရွယ်ချက်နှင့် စိတ်ကူးစိတ်သန်းအား ထဲထဲ၀င်၀င် သိရန်မလွယ်ကူ။ မသိခဲ့ကြ။ ထိုအခါ ဆရာ့တွေ့လျှင် သီချင်းစပ်ခိုင်းဖို့၊ သီချင်းတောင်းဖို့ပဲ အားထုတ်ကြသည်။ ဂီတကို နားလည်သူများကပင် သူ့ကို နားမလည်ခဲ့ကြ။ ဆရာသည် ထိုကွာဟမှုကို ကြံ့ကြံ့ခံသည်။ ထိုသူတို့ လိုလားသော သီချင်းစပ်ခြင်းအလုပ်ကို ဖြစ်အောင်လုပ်ပေးကာ ဆရာ့စိတ်ကူးစိတ်သန်း၊ ဆရာ့ရည် မှန်းချက်အတွက် ရှိသမျှအင်အားအစွမ်းအစတွေ ထုတ်သုံးပြီး ဇွဲကြီးနပဲကြီး ကြိုးစားခဲ့သည်။
လောကဓံ၏ အရိုက်အပုတ် အဆင်းရဲ အပင်ပန်းဒဏ်ကို မတုန်မလှုပ်ခံ၏။ ငတ်ပြတ်မှုကို ရင်ဆိုင်ခဲ့ရ၏။ သို့သော် လုပ်ရသမျှ၊ ပင်ပန်းသမျှ၊ အနစ်နာခံရသမျှ၊ သမင်မွေးရင်း ကျားစားရင်းဖြစ်ရသည်။ အိတ်ပေါက် နှင့် ဖားကောက်ခဲ့ရသည်။ တချို့ဖြစ်ရပ်များက လှေပြေးတုန်း တက်ကျိုး အဖြစ်မျိုး ရင်ဆိုင်ခဲ့ရ၏။
ထိုနှစ် (၁၉၅၂)တွင် ထိုစဉ်က ၀န်ကြီးတစ်ဦးဖြစ်သူ ဦးထွန်းဖေ၏ မေးမြန်းချက်အရ မြန်မာ သီချင်းကြီး များအား International Note/ Staff Note တို့နှင့် မှတ်တမ်းတင် တီးမှုတ်၍ ရ,မရဟူသော မေးခွန်းအပေါ် “စံရာတောင်ကျွန်း” ကြိုးသီချင်းကြီးအား မြို့မအသင်းသားများက International Note ဖြင့် တီးမှုတ်စေကာ သက်သေပြခဲ့သည်။ သို့သော် မြန်မာသီချင်းကြီးများကို ဂီတသင်္ကေတအား အသုံးပြုပြီး ခေတ်မီတူရိယာပစ္စည်းများနှင့် တီးမှုတ်နေသည်မှာ မြို့မစတင်ဖွဲ့ စည်းခဲ့သည့် ၁၉၂၈ခုနှစ်ကတည်းကဖြစ်၏။
ထို့ကြောင့် ၀န်ကြီးက မြန်မာသီချင်းကြီးများကို ကမ်္ဘာလုံးသင်္ကေတနှင့် ရေးသားပြုစု၍ ထိန်းသိမ်းလျှင် နောင်အရှည်သဖြင့် အကျိုးများဖွယ်ရှိကြောင်း၊ ထိုအခါကျမှ နားလည်သဘောပေါက်ကာ ကက်ဘိနက်တွင် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ရယူပြီး နောက် တစ်နှစ်အကြာ (၁၉၅၃ခု၊ ဧပြီလ) ၌ မဟာဂိတ အကြံပေးအဖွဲ့ဖွဲ့ကာ မဟာဂီတသီချင်းကြီးများကို သီဆိုတီးမှုတ်ခြင်းနှင့် မူမှန်စံပြထားရှိရေး၊ အမှတ် သင်္ကေတပြုရေး၊ အသံသွင်းထားရေးနှင့် ရုပ်ပေါ်သံထွက် ပြုလုပ်ရေးကိစ္စအား ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၂ခုနှစ် သင်္ကြန်သည်လည်း ပြည်ထောင်စုသင်္ကြန်အဖြစ် မန္တလေးမြို့၌ ကျင်းပခဲ့သည်။ ဆရာမြို့မငြိမ်းက သူ့မိတ်ဆွေ ကလယ်ရီနက် တောင်မြို့ဦးကိုလေးနှင့် တွဲဖက်ပြီး၊ အမရပူရ AMBA ကားအသင်းမှ ဒရိုင်ဘာ၊ စပယ်ရာများဖြင့် တေးသံစုံ ရေသဘင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စုသင်္ကြန်မှာ ဆင်နွှဲခဲ့သည်။ ဂီတအား နကန်းတစ်လုံးမှ မတတ်သော ဒရိုင်ဘာစပယ်ရာများကို ရသမ်၊ လိဒ်၊ ဘေ့စ်၊ ဂီတာ၊ စကရက်ချာ၊ ရှာကာ စသော အနောက်တိုင်း ဂီတပစ္စည်းများအစား ထန်းသီခလောက်၊ ဗူးသီးခြောက်၊ ရာဘာပြားကျက်သံစည်ပိုင်းဗုံ၊ ဝါးပုလွေအတိုအရှည်များဖြင့် အုပ်စုဖွဲ့ တီးခတ်စေပြီး “စောင်းကောက်” ရေသဘင်သံစုံတီးဝိုင်းကို ဖွဲ့စည်းပွဲထုတ်ပြခဲ့သည်။
၁၉၅၃ခုနှစ်တွင် ပီကင်းနိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံအတွက် “ငြိမ်းချမ်းရေးသည် ပျားသကာကဲ့သို့ အစဉ်” အစချီ “ငြိမ်းချမ်းရေး” သီ ချင်းနှင့် မန္တလေးကျုံးထိပ်မှာ ကျင်းပသော တောင်သူလယ်သမားညီလာခံအတွက် “မင်းရာဇာ” သီချင်းများလည်း ရေးစပ်ခဲ့သည်။
အများသူငါက “လ”ကို အ၀န်းအဝိုင်း“လ၀န်း” ဟု သမရိုးကျ ရေးစပ်ခဲ့ရာမှ “လလုံး” ဟု ထူးထူးခြားခြား ရေးစပ်ခဲ့သော “စာဆိုခံလလုံး” သီချင်းကို ထိုနှစ်များက ရေးစပ်ခဲ့ခြင်းဖြစ်ပါ၏။ “မြန်မာ့ မဟာဂီတသီချင်းကြီးများအား ကမ္ဘာသုံးဂီတသင်္ကေတပညာဖြင့် ကူးပြောင်းလေ့လာရန် မြန်မာ့ဂီတကမ္ဘာ့ အဆင့်မီစေရန်” စသော ရည်ရွယ်ချက်များကို ဦးတည်ချက် မပျောက်စေဘဲ မဟာဂီတက သီချင်းကြီးများမှ အသွားများကို ခေတ်မီဝိုင်းဖွဲ့ပုံစံဖြင့် တီးခတ် ခြင်း စမ်းသပ်မှုများကို ဆရာငြိမ်း၏ သီချင်းများတွင် တွေ့ရှိရသည်။ ထိုသီချင်းများတွင် ဆရာ့ရည်မှန်းချက်၊ ဆရာ့စိတ်ကူးစိတ်သန်းများ၊ စမ်းသပ်တီထွင် ပြသခဲ့ပါ၏။ ထုိ့ကြောင့် ဆရာမြို့မငြိမ်း၏ သီချင်းအတော်များများတွင် မဟာဂီတအသွားများအား ပုံစံသစ်ဖြင့် တီးမှုတ်များ တွေ့ရှိရခြင်းဖြစ်ပါသည်။
××××××
၁၉၅၄ ခုနှစ်
ထိုနှစ်ထိုကာလမှာ ဆရာမြို့မငြိမ်းအဖို့ သူ့စိတ်ကူးစိတ်သန်းများ အကောင်အထည်ဖော်လိုခြင်း ဆန္ဒတွေ ထွေပြားများပြားနေသော နှစ်ကာလ ပင်ဖြစ်သည်။မြို့မတူရိယာဝိုင်းကို လေမှုတ်များအပြင် ကြိုးတပ်တူရိယာများဖြင့်လည်း တိုးချဲ့မြှင့်တင်ချင်သည်။မဟာဂီတမူမှန်ဖြစ်ရေးနှင့် သင်္ကေတပြုရေး အစည်းအဝေးတွေလည်း ရန်ကုန်သို့ ကူးချည် သန်းချည် တက်နေရ၏။ အေ၀မ်းကလည်း ရုပ်ရှင်သီချင်းတွေ တောင်းနေသည်။ ထိုအချိန်မှာပင် ဆရာမြို့မ ငြိမ်းနှင့် ဂီတရည်းမှန်းချက်လည်း တူ၊ ညီရင်းအစ်ကိုတမျှလည်း ရင်းနှီးမှုရှိသော ဓားတန်းဦးသန့်သည် အခြား အနုပညာရပ်များ နည်းတူ ရုပ်ရှင်ပညာကိုလည်း လေ့လာလိုက်စားသူပီပီ အမျိုးသားအနုပညာရသစုံ ပါ၀င်သော ရုပ်ရှင်လုပ်ငန်းကို အထက်မြန်မာနိုင်ငံအနေနှင့် ရှင်သန်ထက်မြက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် “မန္တလေးရုပ်ရှင်ကုမ္ပဏီ လီမိတက်” ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါသည်။
ရုပ်ရှင်ပညာနှင့်ပတ်သက်ပြီး လုပ်မစားရုံတမယ် အသိကြွယ်၊ အတွေးအမြင် ရှင်သန်ထက်မြက်သူ ဓားတန်း ဦးသန့်နှင့် ခေတ်မီအမြင်ကျယ်သော မန္တလေးသား အနုပညာမြတ်နိုးသူများ ပူးပေါင်းဖွဲ့စည်းခဲ့ကြသည်မို့ “မန္တလေးရုပ်ရှင်လီမိတက်” အတွက် ဂီတမှူးအဖြစ် ဆရာမြို့မငြိမ်းအား တာ၀န်ပေးကြသောအခါ ဆရာကလည်း လိုလားစွာ လက်ခံခဲ့ပါသည်။ လုပ်ငန်းသဘောသဘာ၀သာမက နောက်ဆံမတင်းစွာ ဂီတအလုပ်ကို လုပ်နိုင်ရန်အတွက် “လခစား” အဖြစ် တာ၀န်ယူစေသည်ကိုပင် တစ်သက်လုံးငွေကြေးနှင့် ဂီတအလုပ်မလုပ်ခဲ့သူ ဆရာမြို့မငြိမ်းမှာ သူ့ရည်မှန်းချက်နှင့်သူ စိတ်ကူးစိတ်သန်းများ တွင်ကျယ် စွာ လုပ်နိုင်ရေး ရှေ့ရှုကာ လိုက်လျောခဲ့သည်။ ထိုအချိန်တွင်ပင် သူချစ်သော အားကိုးသောသားကြီး ကိုမောင်မောင်ရုတ်တရက် ကွယ်လွန်ခဲ့သည်။
စိတ်ရောကိုယ်ပါ ပျားပန်းခတ်နေသည့်အခိုက် မန္တလေးရုပ်ရှင်လီမိတက်၏ တာ၀န်တစ်ခု ပိုလာသော်လည်း၊ သူလုပ်လိုသော စိတ်ကူးဖြစ်သည်။ Musical Picture ဂီတ ကားပိုင်းတိုလေးတွေကို မန္တလေးရုပ်ရှင်လီမိတက်နှင့် ထုတ်လုပ်နိုင်ရန် ပြင်ဆင် ကြိုးပမ်းခဲ့သည်။ မြို့မအသင်းနှင့်အတူ တယော သမားများပါ စုစည်းကာ တိမ်ထိုး၊ ရွှေအိုးစည် သံပြိုင်သီဆိုမှုနှင့် အက၊ အငြိမ့်ကကြိုး၊ အိမ်သူပီပီနှင့် တိမ်လွှာမို့မိုလွင်တို့ကို စတင်ခဲ့၏။ စိတ်ကူးရှိသမျှ ပင်ပန်းရမှန်းမသိ စမ်းသပ်သည်။ အတော်အတန် ခရီးပေါက်သောအခါ သူ့ရည်မှန်းချက်အတွက် လမ်းပွင့်ပြီဟု ၀မ်းသာပီတိဖြစ်ခဲ့သည်။
““ဆေးသားနဲ့ ရုပ်လုံးတော့ ပေါ်ပြီ၊ အလင်းနက်မှောင်ပဲ လိုတော့တယ်”” ဟု အားတက်သရော ပြောရင်း ဒေါင်းရိုး တယောဦးရင်လေးအိမ်၊ မြို့မ အသင်းတိုက်၊ မန္တလေးရုပ်ရှင်ခြံများသို့ လွန်းပျံဇယ်စက် သွားလာအားတက်ခဲ့ပါ၏။ သို့သော် ထိုသို့ အားတက်မှုက ဖြည်းဖြည်းချင်း အရှိန်လျှော့လာသည်။ တချို့ရက်တွေ၌ အိမ်မှာပင် နားနေတတ်၏။ နားနေပုံက စိတ်ပျက်လက်ပျက်။ တစ်ခါတရံ တွေဝေငေးမောနေပုံက အသက်ပင် ရှုပါလေစဟု အောက်မေ့ ရလောက်အောင် ဖြစ်သည်။
ဤသို့ အခြေပျက်အနေပျက်ရှိနေရာမှ စကားအဆက်အစပ်မရှိဘဲ ““ဘဘ ဒီတစ်ခါ ဇာတ်ညွှန်းပဲ ရေးစားတော့မယ်။ သူတို့က ဘဘခေါင်းကို ဖြတ်လိုချင်ကြတယ်။ ဘဘတစ်ကိုယ်လုံးလည်း ခေါင်းပဲ အဖိုးတန် တော့တယ်မဟုတ်လား”” ဟု သမီးကြီးအား မပြောစဖူး ပြောလာတော့သည်။
(ဆက်ရန်)
