ဇူလိုင် ၂၂ – ၂၀၂၅
SN (VOM)
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ တတိယမြောက်နေ့အဖြစ် ဆက်လက် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်၊ မနက်ပိုင်းကစပြီး အနည်းဆုံးလုပ်ခ ကြေးငွေကို ကျပ် တသောင်းကနေ တသောင်းနှစ်ထောင်ကျပ်အထိ တိုးပေးဖို့၊ အချိန်ပိုကြေး ၂၁၀၀ ကျပ်ကနေ ၂၇၀၀ ကျပ်အထိ တိုးပေးဖို့နဲ့ ညနေ ၄ နာရီခွဲ ဂိတ်ပတ်စ်ယူတဲ့အခါ ရက်မှန်ကြေး မဖြတ်ဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က “ဒီမနက်မှာ အလုပ်သမားဝန်ကြီးဌာနက ဦးစီးတွေတော့ စက်ရုံထဲ ဝင်သွားတာတွေ့တယ်။ အခုထိတော့ အကြောင်းမထူးသေးဘူး။ အခုလို တောင်းဆိုတာတွေက အလုပ်သမား အားလုံးညီမှ ဖြစ်မှာ။ တဝက်လောက်က တောင်းဆိုပြီး တဝက်လောက်က ကျန်ခဲ့လို့မရဘူး။ အရှေ့မှာလည်း နမူနာတွေရှိတယ်ဆိုတော့ လက်ရှိမှာ သူတို့အနေနဲ့ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဘယ်လောက်ထိ ညီညွတ်မလဲဆိုတာတော့ ကြည့်ရမှာပေါ့လေ” လို့ ပြောပါတယ်။
အဆိုပါ စက်ရုံမှာ အလုပ်သမား ၂၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်နေတာ ဖြစ်ပေမယ့် လက်ရှိ တောင်းဆိုမှု ပြုလုပ်ရာမှာတော့ အလုပ်သမား အယောက် ၃၀၀ ဝန်းကျင်သာ ပါဝင်မှုရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် စက်ရုံ တာဝန်ရှိသူတွေဘက်ကလည်း အလုပ်သမားတွေ စက်ရုံဝင်းထဲ ဆန္ဒပြလို့မရအောင် စက်ရုံဘေး ပတ်ပတ်လည်ကို သံဇကာတွေနဲ့ ကာရံထားကာ ကားတွေနဲ့လည်း ထပ်ပြီး ပိတ်ထားတယ်လို့ သိရပါတယ်။
“စစချင်းရက်တွေကတော့ စက်ရုံဝင်းထဲမှာ တောင်းဆိုကြတာ။ အခုတော့ စက်ရုံထဲ ဝင်မရလို့ အပြင်ကနေပဲ ဆက်တောင်းဆိုနေပါတယ်။ ကျွန်မတို့ တောင်းတဲ့ ဒီငွေပမာဏက သူများစက်ရုံတွေလည်း ပေးနိုင်နေတာပဲ။ ဒီစက်ရုံက မပေးနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ဘက်က လုပ်အား အပြည့်အဝ ပေးထားတာဖြစ်တဲ့အတွက် ဒီလုပ်အားတန်ဖိုးနဲ့ ညီမျှတဲ့ ဖြစ်သင့်တဲ့ ပမာဏကိုပဲ တောင်းဆိုတာပါ။ အခုထိတော့ ဘာအကြောင်းမှ မထူးသေးဘူး” လို့ စက်ရုံဝန်ထမ်းတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့၊ ဒုတိယမြောက်နေ့ တောင်းဆိုမှုမှာ အဆိုပါစက်ရုံက စက်လိုင်းခေါင်းဆောင်က ဆန္ဒပြနေသူတွေကို လက်ရှိ တောင်းဆိုမှုတွေမှာ မပါဝင်ကြဖို့ ပြောဆိုမှုတွေရှိခဲ့ပြီး အဲဒီလို မပါဝင်ပါက ကျပ်ငွေ သုံးသောင်းပေးမယ်ဆိုပြီး ညှိနှိုင်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒါကို ဘယ်သူမှ လက်မခံခဲ့ပါဘူး။ ကျွန်မတို့ အခုတောင်းဆိုနေတဲ့ သူတွေ အားလုံးကတော့ ဒီတောင်းဆိုတာတွေ မရမချင်း ဆက်လက် တောင်းဆိုသွားဖို့ ရှိပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေဟာ ရက်မှန်ကြေး ကျပ် လေးသောင်း ရရှိတာဖြစ်ပေမယ့် ဂိတ်ပတ်စ် ၂ နာရီနဲ့ ၄ နာရီခွဲ ယူတဲ့ အလုပ်သမားတွေကို ရက်မှန်ကြေး ဖြတ်တောက်တာတွေ ရှိနေတဲ့အတွက် အဆိုပါ ရက်မှန်ကြေးမဖြတ်ဖို့ ထည့်သွင်း တောင်းဆိုနေတာဖြစ်တယ်လို့ နောက်ထပ် အလုပ်သမား တယောက်က ပြောပါတယ်။
“ကျွန်မတို့ အလုပ်ချိန်က စုစုပေါင်း ၈ နာရီရှိရင် သူတို့အတွက် မလုံလောက်ဘူးလား။ အဲဒါကို ညနေ ဂိတ်ပတ်စ်ယူပြီး ပြန်တာနဲ့ ရက်မှန်ကြေး နှစ်သောင်း ဖြတ်တယ်။ ညီမတို့ တရက်မှ မပျက်ဘဲ အလုပ်ချိန် ၈ နာရီအပြည့် ဆင်းပေးထားရတာ။ ဒါကို ညနေ ၄ နာရီခွဲပြန်လို့ ရက်မှန်ကြေး ဖြတ်တယ်။ ဒေးကြေးကိုလည်း ပိတ်ရက်အတွက် ၆၈၀၀ ကျပ်နဲ့ ရှင်းပေးတာတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုမှ မဖြစ်သင့်တာလေ” လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်း အခြေအနေအရ စက်ရုံ အများအပြားက လုပ်သားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အသီးသီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံနည်းတူ ရွှေပြည်သာ၊ သာဓုကန် စက်မှုဇုန် (၄) က Lita Myanmar Co.,ltd က အလုပ်သမားတွေကလည်း လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
အခုလို စက်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ နှုန်းထားနဲ့ပတ်သက်လို့ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) ရဲ့ ဧပြီလကုန်ပိုင်း ထုတ်ပြန် ကြေညာချက်မှာလည်း မြန်မာ့အထည်ချုပ်ကဏ္ဍရဲ့ အနိမ့်ဆုံး လုပ်ခစာနှုန်းထားကို ပြန်လည်သုံးသပ်ပြီး တိုးမြှင့်ဖို့ လိုအပ်လာနေတယ်လို့ အသိပေး ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အနည်းဆုံး လုပ်ခလစာငွေ မလုံလောက်ခြင်းကြောင့် လုပ်ငန်းခွင် အငြင်းပွားမှုတွေကို ဖြစ်စေခြင်း၊ အလုပ်ပြောင်းရွှေ့မှုတွေ မြင့်တက်စေခြင်းနဲ့ ကျွမ်းကျင်လုပ်သား ဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်စေပြီး မကြာသေးမီ နှစ်တွေအတွင်း ကုန်ထုတ်လုပ်နိုင်မှုတွေ လျော့ကျပျက်ပြားလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထည်ချုပ်လုပ်ငန်းကဏ္ဍ စျေးနှုန်းစာချုပ်တွေမှာ အနည်းဆုံး လုပ်ခလစာနှုန်းထားဟာ အဓိကကျတဲ့ အချက်တခုအဖြစ် ပါဝင်နေပြီး မြန်မာနိုင်ငံမှာ အဆိုပါနှုန်းထားကို ၂၀၁၈ ခုနှစ်ကတည်းက မပြောင်းနိုင်သေးတဲ့အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ရဲ့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့ကြောင့် လက်ရှိ လုပ်ခလစာနှုန်းထားဟာ ၂၀၁၈ ခုနှစ်မှာ ရှိနေခဲ့တဲ့ လုပ်ခလစာနှုန်းထားရဲ့ ထက်ဝက်တန်ဖိုးမျှသာ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
Photo – CJ
