ဩဂုတ် ၅ – ၂၀၂၅
KKO(VOM)
ကျားဖောင်ရေလုပ်ငန်းတွေကို မြန်မာအစိုးရအဆက်ဆက်ကထိထိရောက်ရောက်မနှိမ်နင်း၊မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ လေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။
ကျားဖောင်ရေလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာယနေ့ကာလအထိတွင်တွင်ကျယ်ကျယ်ရှိနေပြီး ဧရာဝတီတိုင်းထဲမှာအများဆုံးရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျားဖောင်ကိစ္စနဲ့ ပတ်သက်ပြီးပြောရပါက ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင် လူကုန်ကူးနေကြတာကိုငြင်းလို့မရဘူးလို့ လေ့လာသုံးသပ်သူ ပြည်တွင်းရှိ ဝါရင့်သတင်းစာဆရာတယောက်က သူရဲ့အမြင်ကို အခုလို သုံးသပ်ပြောပြပါတယ်။
“မြန်မာအစိုးရအဆက်ဆက်ကလည်းဒါကိုထိထိရောက်ရောက်မနှိမ်နင်းနိုင်ခဲ့ပါဘူး။ကျားဖောင်ကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင်လူကုန်ကူးနေကြတယ်ဆိုတာကိုပြဆိုနေတာငြင်းမရပါဘူး။လူမသိသူမသိဘဲနဲ့ပျောက်ကွယ်သွားရတဲ့အဖြစ်အပျက်တွေအတွက်ဘယ်သူကတာ၀န်ခံပေးကြမှာပါလဲ၊ဒါကမေးခွန်းထုတ်စရာကောင်းတယ်”လို့ သူက VOM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့တဲ့ ကျားဖောင်ပေါ်ကလူကြီးပိုင်းအရွယ်ရေလုပ်သားတယောက်ကိုလူမဆန်စွာညှင်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စဟာလည်းလူ့အဖွဲ့ အစည်းနဲ့ လူ့အသိုင်းအဝိုင်းကမှာ အတော်လေးကိုထိတ်လန့်စရာသတင်းတခုဖြစ်ခဲ့ပါတယ်။
ဒါအပြင်လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ကျားဖောင်ပေါ်မှာရောင်း စားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်နောက် ဆုံးနှစ်ကျောင်းသားတယောက်ရဲ့ အဖြစ်အပျက်ကလည်းဟိုးလေးတ ကျော်ဖြစ်ခဲ့ရပါတယ်။
ဒေသအခေါ်ကျားဖောင်လို့ အလွယ်ခေါ်ကြတဲ့ ငါးဖမ်းလုပ်ငန်းတွေဟာ အမှုအခင်းတွေအများဆုံးဖြစ်ပွားရာ နေရာဌာနလို့ဆိုရမှာဖြစ်ပြီး ကျားဖောင်တွေပေါ်က အမှုအခင်းများစွာကလည်းအစပိုင်းမှာသာဟိုးလေးတကျော်ဖြစ်ခဲ့ကြပေမယ့်၊နောက်ဆုံးမှာတော့ ကျားဖောင်ကိစ္စတွေက အဖျားရှုးပျောက်ကွယ်သွားတတ်ကြတာကများတယ်လို့ လေ့ လာသုံးသပ်သူတွေက ဆိုပါတယ်။
“ကျားဖောင်တွေကိုစည်းကမ်းတကျကြပ်မတ်ထိန်းသိမ်းပေးရမယ်ထင်တယ်။မျှားနောက်လိုက်တာထက်မျှားပစ်သူကိုရှင်းမှနောက် ထပ်ဒါမျိုးတွေမပေါ်ပေါက်မှာပါ”လို့ ပြည်သူတယောက်က သူရဲ့အမြင်ကိုမှတ်ချက်ပြု ပြောပြပါတယ်။
မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းအတွင်းက ကျားဖောင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သူတို့ ပြုစုလေ့လာစုံစမ်းထောက်လှမ်းထားတဲ့သတင်းအချက်အလက်တွေအရ ဧရာဝတီ တိုင်း၊ဒေါ်ငြိမ်းကမ်းခြေတလျှောက်က ကျားဖောင်တွေပေါ်မှာ ဆိုးဆိုးရွားရွားနှိပ်စက်ခံရမှုတွေ အတင်းအဓမ္မခိုင်းစေခံရမှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်ခံရမှုတွေ အစရှိတဲ့ ဒီလိုဖြစ်ရပ်ဆိုးတွေကို မကြာခဏကြားနေရဆဲဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်စာရင်းတွေအရ ကျားဖောင်လုပ်ငန်းတွေမှာ နှစ်စဉ်ပုံမှန် လူဦးရေ ၁ဝဝ ကျော်သေဆုံးနေပြီး အပျောက်အဆုံးကလည်းအများအပြားရှိနေတာဖြစ်တယ်လို့ သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
ကျားဖောင်လုပ်ငန်းတွေဟာ မိုးတွင်းကာလကလွဲလို့ ကျန်တဲ့ရာသီတွေမှာ ကမ်းခြေကနေ မိုင် ၃ဝ လောက်ဝေးတဲ့ နေရာမှာရာသီကုန် သည်အထိ ငါးဖမ်းရတဲ့ ရေလုပ်ငန်းတခုဖြစ်တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသခံတွေအပါ အဝင်အခြေခံလုပ်သားအများစုကတော့ မိသားစုစားဝတ်နေရေး၊ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ကျားဖောင်လုပ်ငန်းတွေမှာမလုပ်ချင်ပေမယ့်လည်းငွေကြေးအခက်အခဲကြောင့်လာရောက်လုပ်ကိုင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒီလိုပင်လယ်ပြင် ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ကိုင်ကြရသူတွေဟာ ကိစ္စတစုံတခုပေါ်ပေါက်လာပါက ဥပဒေနဲ့ တရားဝင်ဖြေရှင်းတာထက် လူ့အခွင့်အရေးချိုးဖောက်ပြီးအရပ်သဘောနဲ့ပဲဖြေရှင်းတာတွေကပိုမိုများပြားတယ်လို့လည်းဒေသ ခံတွေက ပြောပါတယ်။
“ကျားဖောင်တွေပေါ်မှာလုပ်ကိုင်ကြသူတွေကဆေး သမားတွေနဲ့ တပ်ပြေးတွေလည်း ပါကြတယ်။ပင်လယ်ထဲကျတော့ဘယ်သူ့မှ လိုက်လာလို့မရဘူးဆိုပြီးလာလုပ်ကြတာပေါ့။
တချို့ကျတော့လည်းမိသားစုစားဝတ်နေရေးကြောင့်လာကြရတယ်။တရာသီစာအတွက်အခကြေးငွေကိုယူပြီးလာလုပ်ကြရတယ်။တကယ်တော့ကျားဖောင်လုပ်ငန်းတွေကပင်ပန်းဆင်းရဲပါတယ်။မိုးရာသီကလွဲရင် ကျန်တဲ့အချိန်ရာသီမှာ ပင်လယ်ပြင်မှာပဲလုပ်ကိုင်ရတာပါ။ပြောရရင်ရေထွက်ပစ္စည်းအများစုကဒီကျားဖောင်လုပ်ငန်းတွေကနေ ထွက်တာပါ”လို့ ဧရာဝတီတိုင်းဘက်က ကျားဖောင်လုပ်ငန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။
ကျားဖောင်ရေလုပ်သားတွေဟာ တရာသီကို ကြိုတင်ငွေသိန်း ၂ဝ၊သိန်း ၃ဝ ခန့်ရယူပြီး ကျားဖောင်ရေလုပ်ငန်းတွေပေါ်လိုက်ပါရပြီး မိသားစုဘဝနဲ့စားဝတ်နေရေးအတွက် မိမိဘဝကိုရင်းလိုက်ကြရတာတွေရှိနေတယ်လို့ ကျားဖောင် ရေလုပ်ငန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ပြည်တွင်းမှာကလည်း စီးပွားရေးအဆင်မပြေကြလေတော့၊ လစာဘယ်လောက်ရမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်စည်းရုံးခံရတယ်။ အစိုးရအနေနဲ့ ဒါတွေကိုယခုထက်ပိုမိုကိုင်တွယ်သင့်လှပါတယ်”လို့ လေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ဆက်ပြီး ပြောပြပါတယ်။
ဧရာဝတီတိုင်းအတွင်းက ကျားဖောင်လုပ်ငန်းတွေဟာ လူကုန်ကူးမှုလုပ်ငန်းတွေနဲ့လည်းဆက်စပ်နေပြီး ပွဲစားတွေရဲ့မလိမ့်တပတ်ဖျားယောင်းသွေးဆောင်မှုတွေကြောင့် ကျားဖောင်တွေပေါ်ရောက်သွားတဲ့သူတွေ ကျားဖောင်တွေမှာရောင်း စားခံလိုက်ကြရတဲ့သူတွေဟာလည်း ဒုနဲ့ဒေးရှိနေတယ်လို့ သိရပါတယ်။
“လူကုန်ကူးတဲ့ဂိုဏ်းတွေအကြောင်းကိုအရင်ကလည်းပြောခဲ့ဘူးပါတယ်။အိမ်နီးချင်းနိုင်ငံတွေဆီကိုလူကုန်ကူးသလို၊ဥရောပနိုင်ငံတွေအထိတောင်လူကုန်ကူးဂိုဏ်းတွေကလက်တံရှည်ပါတယ်”လို့ လေ့လာသုံးသပ်သူတယောက်ကထပ် လောင်းပြောပြခဲ့ပါတယ်။
Photo – Original Upload
ပုံစာ – မြန်မာ့ပင်လယ်ပြင်ထဲက ကျားဖောင် ရေလုပ်ငန်းအချို့။