ဩဂုတ် ၂၇ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့ ဩဂုတ် ၂၆ ရက်၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းလေးဒေသရှိ ကျေးပေါခုံအုပ်စု၊ ကံခေါင်းကျေးရွာက နေအိမ် ၆၅ လုံးဝန်းကျင်၊ တောင်တိုအုပ်စု၊ ဟတ်ပုံးကျေးရွာက နေအိမ် ၅၅ လုံးဝန်းကျင်၊ စုစုပေါင်း အိမ်ခြေ ၁၂၀ ဝန်းကျင် အမိုးလန် ပျက်စီးတာ၊ လဲပြိုတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မိုးကြီးပြီး လေပြင်းတိုက်တာ။ လေအရမ်းကြမ်းတာ အသက်ရှူတောင် မှားတယ်။ ငလျင်တုန်းက အလှူရှင်တွေ ဆောက်ပေးထားတဲ့ အိမ်က ခေါင်မိုးတွေ အကုန်လန်ပြီး လေနောက်ပါကုန်တာ တခုမှ မကျန်တော့ဘူး။ အခုထိလည်း မိုးရွာနေသေးတယ်။ ဒါပေမယ့် မနေ့က ညနေလောက်တော့ မိုးမများသေးဘူး။ ဒီနှစ်ကတော့ ပြောရရင် ကျွန်တော်တို့ဒေသအတွက် တော်တော်ကို အထိနာစရာတွေချည်းပါပဲ။ ငလျင်ဘေး၊ ရေဘေး၊ အခု လေဘေး။ သဘာဝဘေးတွေ ခါးစည်းခံနေရတဲ့နှစ်ပါ” လို့ ကံခေါင်းကျေးရွာ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေထဲမှာ အင်းလေးဒေသလည်း တခုအပါအဝင် ဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ရေဘေး သင့်နေတာဟာ ရက်ပေါင်း တလကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။
“သဘာဝဘေးကတော့ စုံသလောက်နီးပါး ရှိနေပါပြီ။ ရေကလည်း ခုထိ မကျသေးဘူး။ မကျတဲ့အပြင် ထပ်တက်ဦးမယ့်သဘောမှာ ရှိတယ်။ မနေ့က လေပြင်းကလည်း အတော်ကြမ်းတာ။ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းပြီး မိုးကလည်း တအားကောင်းခဲ့တာလေ။ ကျွန်တော်တို့ ဟတ်ပုံးမှာဆို အိမ်တွေပါ လဲကုန်တာ။ အိမ်တိုင်၊ ခေါင်းမိုးတန်း တွေ အကုန် ပြုတ်ထွက်ကုန်တာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ ရေဘေး ကြုံတွေ့နေရတာဖြစ်ပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်မှုအပြင် သီးနှံစိုက်ခင်း အများအပြားလည်း နစ်မြုပ် ပျက်စီးလျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါဒေသမှာ ငလျင်ဒဏ်ကြောင့်လည်း နေအိမ်များစွာ ထိခိုက် ပျက်စီးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ ငွေကြေး အကျပ်အတည်းကြောင့် ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးတဲ့ အိမ်ခြေ များစွာ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိ ကာလတန်ဖိုးအရ အင်းလေးဒေသမှာ နေအိမ်တလုံး တည်ဆောက်နိုင်ဖို့အတွက် ခန့်မှန်း ကုန်ကျငွေ ကျပ် သိန်း ၅၀၀ မှ သိန်း ၁၀၀၀ အတွင်း ကုန်ကျစရိတ် ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းငယ်ဟာ လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီဖြစ်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိတယ်လို့ သိရပါတယ်။
ခန့်မှန်းချက်တွေအရ အဆိုပါ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း လေပွေလှိုင်းအဖြစ် အားလျော့သွားနိုင်ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ကို ဆက်လက် ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ လေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ ဩဂုတ် ၂၇ ရက်၊ မနက်ပိုင်းမှ ၂၉ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ လေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင် သတိပြုကြဖို့ လိုအပ်သလို ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိပြုကြစေလိုတယ်လို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
ဒါအပြင် နောက်ထပ် ထူးခြား မိုးလေဝသ ဖြစ်စဉ်အနေနဲ့ လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ) မှာ လေဖိအားနည်းရပ်ဝန်း တခု ထပ်မံ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ အနောက် – အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီးနောက် ပိုမို အားကောင်းလာကာ လက်ရှိမှာတော့ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်ကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ အနောက် – အနောက် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာလည်း မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ သိရပါတယ်။
Photo – ELL Phyoe / CJ
