ဩဂုတ် ၈ ၊ ၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာပြီး လက်နက်ကြီးကြောင့် လူသေဆုံးမှုတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပြင် လက်ရှိမှာ ရေကြီးရေလျှံမှု သဘာဝဘေး အန္တရာယ်ကိုပါ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်ရှိ ဆိုင်းတောင်၊ ဆုတောင်းကုန်း အနီးမှာ ဩဂုတ် ၇ ရက်ညပိုင်းက လက်နတ်ကြီး ကျရောက် ပေါက်ကွဲလို့ တယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲနဲ့အတူ ရေကြီးမှု အန္တရာယ်ကို ဖားကန့်မြို့ ၊ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် နဲ့ ကျောက်ဝိုင်း၊ အေးမြသာယာ ဘက်တွေမှာ ရေကြီးမှုကြုံတွေ့ နေရတာဖြစ်ကြောင်း ၊ ဥရုချောင်းရေမြင့်လာတဲ့အတွက် ဖားကန့်ရှိအနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။
နောက်ပြီး ဖားကန့် ဆိပ်မူအုပ်စု ၊ နမ့်မှော်ရွာမှာလည်း နမ့်မှော်ချောင်းရေတက်မှုကြောင့် ရေကြီးရေလျှံ မှုဖြစ်ပွားနေပြီး ရေကျော်နေချိန်မှာ ကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနှင်တဲ့အတွက် လှိုင်းပုတ်ကာအိမ်အချို့ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။
” တိုက်ပွဲကလည်း တနေကုန်ဖြစ်နေတာ။ ညအထိပစ်ခတ်နေတာဆူညံနေတာပဲ။ ခုညလည်းဘုရားကျောင်းထဲ လက်နက်ကြီးကျလို့ သေဆုံးရှိတယ်။ဒဏ်ရာရတဲ့အထဲကလေးလည်းပါတယ်။
ဖားကန့်က အခုတိုက်ပွဲရော ရေကြီးမှုကြုံနေရသလို စစ်ဘေးကလဲကြောက်နေရ ပါတယ်။ရေကတချို့နေရာမှာခါးလောက်ရှိပါတယ်။ ” လို့ ဖားကန့်ဒေသခံကပြောပါတယ်။
လက်ရှိ ဖားကန့်မှာ တိုက်ပွဲတွေဖြစ်ပွားမှုရှိတဲ့နေရာတွေက အမှိုက်ပုံရွာ ၊ မှော်မောင်းကုန်း ၊ မှော်ဝမ်းကြီး ၊ မှော်စီစာရွာ ဘက်တွေမှာဖြစ်ပွားနေတာဖြစ်ကြောင်း ၊တိုက်ပွဲကပြင်းထန်နေပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပါရှိတယ်လို့သိရပါတယ်။
“မိုးတွေကလည်းရွာနေတယ်။ပွဲကလည်း တညလုံးဖြစ်နေတယ်။ နေ့ရောညရောပဲ။ မိုးရွာထဲကိုဖြစ်နေကြတာ။ ဥရုချောင်းရေတက်တော့ရေဘေးလည်းရှိပါတယ်။ရေဘေးသင့်တွေကတော့ အကူအညီမရှိကြပါဘူး။ စစ်ဘေးကအဓိကဖြစ်နေတာ။ ညနေကလည်း မှော်ဝမ်းကြီး ဘက်လေကြောင်းကြဲသွားတယ်။ “လို့နောက်ထပ် ဒေသခံကပြောပါတယ်။
ဖားကန့်မှာဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း တိုက်ပွဲကြောင့် ယူမာကျေးရွာ နဲ့ ရှရော်ခရွာ၊ အေးမြသာယာရပ်ကွက်အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူလေး ယောက်သေဆုံးကာ ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဒါအပြင် ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့မှာလည်း မျောက်ဖြူရွာ ၊ရှရော်ခရွာနဲ့ ဆန်းကြွယ် ရွာဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက် ငါးနှစ်အရွယ်ကလေးအပါအဝင် သုံးယောက်သေဆုံးကာ နောက်ထပ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
လက်ရှိမှာ နလအ ဘက်ကလည်း ဖားကန့်ဒေသကိုအလုံးစုံသိမ်းပိုင်နိုင်ရေး ထိုးစစ်ဆင်နေပြီး KIA ကလည်း ဖားကန့်ဒေသကို လက်မလွှတ်ရရေး အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်တိုက်ပြင်းထန်လာနေတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် ရှရော်ခ၊မှော်ဝမ်းကြီး၊ဆန်းကြွယ် စတဲ့ရွာအချို့ကပြည်သူတွေစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
