ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ယူကရိန်း၊ အီးယူတာဝန်ရှိသူတွေ ကန်ဒုသမ္မတနဲ့ လန်ဒန်မှာတွေ့

လန်ဒန်၊ ဩဂုတ်-၁၀-၂၀၂၅
ရတီ(VOM)
ယူကရိန်းနဲ့ ဥရောပသမဂ္ဂ(အီးယူ) အရာရှိအချို့ ဗြိတိန်နိုင်ငံမှာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်နဲ့ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းစစ်ပွဲ ဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင် သဘောထားတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအစည်းအဝေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာပြည်နယ်မှာ ဩဂုတ်လ ၁၅ ရက် ထိပ်သီးဆွေးနွေးပွဲမတိုင်ထင် ထွက်ပေါ်လာတာပါ။
စနေနေ့က အစည်းအဝေးကို အမေရိကန်ဒုသမ္မတ ဗန့် နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီ တို့က ဦးဆောင်ကျင်းပခဲ့ပြီး ယူကရိန်း၊ ဥရောပနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေ တက်ရောက်ခဲ့ကြကာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။
ဥရောပအရာရှိတွေကတော့ စစ်ပွဲအဆုံးသတ်ဖို့အတွက် အခြားအဆင့်တွေ မဆောင်ရွက်ခင် စစ်ရပ်နားရေး လိုအပ်ကြောင်း ဂျေဒီဗန့်ကို ပြောကြားခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ နယ်မြေအရ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ညီမျှစွာ လိုက်လျောရမယ်လို့လည်း ဆိုကြပါတယ်။
ယူကရိန်းသမ္မတ ဇှီလန်စကီးဟာလည်း စနေနေ့မှာ ဗြိတိန်၊ ပြင်သစ် အပါအဝင် အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ ဥရောပရဲ့ အသံပါဝင်ဖို့လိုတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားတပ်တွေ ဝင်ရောက်ထိန်းချုပ်ထားတဲ့ ဒွန်တက်စ်၊ လူဟန့် ဒေသတွေနဲ့ တဖက်သက်သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယား‌ဒေသကို ယူကရိန်းက စွန့်လွှတ်ဖို့ ပူတင်က တောင်းဆိုနေကြောင်း သိရပါတယ်။ ဒါပေမယ့် သမ္မတဇီလန်စကီးကတော့ ယူကရိန်းနယ်မြေတွေ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားကို အချိန် ၁၀ ရက်ပေးထားပြီး သက်တမ်းကုန်မယ့် ဩဂုတ် ၁၅ ရက်မှာ ပူတင်နဲ့ ထရန့် တို့ ထိပ်သီးဆွေးနွေးမှာ ဖြစ်ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဖင်လန်နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန် တို့က ယူကရိန်းမှာ ငြိမ်းချမ်းရေး လမ်းကြောင်းကို ယူကရိန်းမပါဘဲ မဆုံးဖြတ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:NHK
Photo:FCDO

Related posts

Leave a Comment

VOM News

FREE
VIEW