မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာ ၊ မနေ့က ဗုံးထပ်ကြဲလို့ ငါးယောက်သေ သုံးယောက်ဒဏ်ရာရ

ဩဂုတ် ၁၀ ၊ ၂၀၂၅
GG (VOM )
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ဒေသကို နလအ ဘက်မှ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာရာ ဩဂုတ်လ ၉ ရက်နေ့ ည ၆ နာရီကျော်လောက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွင် သေဆုံးသူ ငါးယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းကနေ ဗုံးကြဲမှုက မိုးကုတ်မြို့အရှေ့ပိုင်းရှိ ၊ကျောက်နဂါးရွာထဲကို ကျရောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူတွေမှာ ကလေးနှစ်ယောက် နဲ့ ကိုရင်တပါး ပါဝင်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။
” ကလေးနှစ်​​ယောက်မှာ တယောက်က ရှစ်နှစ် ၊တယောက်က ၁၁ နှစ် ပါ။ ၆ နာရီ ၄၅လောက်မှာဂျက်ဖိုက်တာနဲ့ကြဲသွားတာ။ကိုရင်လေးပါတယ်။အသက်ကြီးပိုင်းတယောက်ပါတယ်။
နောက်ကအမျိုးသမီးတယောက်ပါ။ပေါင်းငါး​ယောက်ပေါ့။ ကျောက်နဂါးဘုန်းကြီးကျောင်းပေါ်ကျသွားတယ်။အရင်ရက်ကလည်းကြဲသေးတယ်။လေယာဥ်သံကြားရင်ကိုကြောက်နေရတယ်ဗျ။ ” လို့ ဒေသခံကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ TNLA ဘက်မှ ဆေးဝါးကုသမှုအပိုင်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။
ဩဂုတ် ၂ ရက်နေ့မနက်ပိုင်းကလည်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ယောက်လောက်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူတွေရှိခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် မိုးကုတ်ကို ဝင်ထွက်သွားလာနိုင်တဲ့ လမ်းပိုင်း ခြောက်ခုကို TNLA ဘက်မှ သွားလာခွင့်ပိတ်ထားချိန်မှာတင် လေကြောင်းတိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး မြို့ရဲ့အထင်ကရဟိုတယ်တခုဖြစ်တဲ့ ရွှေလိပ်ပြာဟိုတယ်ဝန်းထဲက အဆောက်အဦးပေါ်ကျရောက်ကာ အမျိုးသားတယောက်သေဆုံးကာသုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို အဲဒီနေ့မှာပဲ ကျောက်မဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသားတယောက်သေဆုံးမှုရှိခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW