ဩဂုတ် ၁၀ – ၂၀၂၅
SN (VOM)
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ နိုင်ငံတော်အဆင့် ဈာပနကို မနက်ဖြန် ဩဂုတ် ၁၁ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန်မှာ စတင် ပြုလုပ်မှာဖြစ်ပြီး နေပြည်တော်ရှိ တပ်မတော် စစ်သင်္ချိုင်းကို ပို့ဆောင် မီးသင်္ဂြုဟ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဈာပနအခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဦးဆောင်ပြုလုပ်မှာဖြစ်ပြီး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ကတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဖြစ်ကာ ဒုတိယဥက္ကဋ္ဌ (၂) ကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဖြစ်တယ်လို့ သိရပါတယ်။
ဈာပနအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၁၁ ခုအထိ ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီဝင်တွေထဲမှာ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ဈာပနအခမ်းအနားနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ တယောက်က “နိုင်ငံတော်အတွက် အများကြီး ရင်းနှီးပေးဆပ်ရင်း ကွယ်လွန်ခဲ့ရတဲ့ သူတွေတောင် နိုင်ငံတော်အဆင့် ဈာပန လုပ်ပေးတာမျိုး မရှိခဲ့ဘူး” လို့ ဆိုပါတယ်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၊ တပ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၊ ဦးစန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့အပြင် ဦးနု၊ ဗိုလ်ချုလ်မှူးကြီး စောမောင်တို့လို အထင်ကရတွေကိုလည်း နိုင်ငံတော်အဆင့် ဈာပန သတ်မှတ် ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ဦးနုတို့ ဦးနေဝင်းတို့ဆိုတာက ပြောရရင် သူတို့သမိုင်းအရ နိုင်ငံတော်အဆင့် ထိုက်တန်ပြီးသား။ ဒါပေမယ့် မပေးမိကြဘူး။ တကယ်စင်စစ် ဦးမြင့်ဆွေက တာဝန်ထမ်းဆောင်ဆဲ သမ္မတလည်း မဟုတ်ဘူး။ ဒါပေမယ့် ခုဏက ပြောခဲ့တဲ့ ဝါစဉ်ကြီး ပုဂ္ဂိုလ်တွေကြီးတွေတောင် မရခဲ့ဖူးတဲ့ အဆင့်အတန်းမျိုးတော့ ရသွားရှာတယ်” လို့ သူက ပြောပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနအခမ်းအနားအတွက် လှည့်လည်လမ်းကြောင်း အရှည် ၇ ဒသမ ၈၂၅ မိုင် သတ်မှတ်ထားပြီး လမ်းကြောင်း ရှစ်ကြောင်းရှိတယ်လို့ သိရပါတယ်။
ဈာပနယာဉ်တန်း စတင် ဖြတ်သန်းမောင်းနှင်ရာမှာ ပထမ လမ်းကြောင်း (၁) ဖြစ်တဲ့ အမှတ် (၂) စစ်ဆေးရုံ၊ ကျောက်တလုံးစေတီမှ ရန်ကုန် – မန္တလေးလမ်းအထိ ပေပေါင်း ၁၂၄၀၈ ပေ ဖြတ်သန်းမှာဖြစ်သလို လမ်းကြောင်း (၂) အတွက် ရန်ကုန် – မန္တလေးလမ်းမှ ဆင်သေချောင်း တံတားထိပ်အထိ ပေပေါင်း ၂၂၇၃ ပေကို ဖြတ်သန်းမှာဖြစ်တယ်လို့ သိရပါတယ်။
လမ်းကြောင်း (၃) မှာ ဆင်သေချောင်းတံတားမှ ဆည်ရေပေးမြောင်းအထိ ပေ ၆၅၆၁ ပေ ရှိမှာဖြစ်ပြီး လမ်းကြောင်း (၄) ကတော့ ဆည်ရေပေးမြောင်းမှ ရထားသံလမ်း (ကျွန်းရွှေဝါလမ်းထိပ်) အထိ ပေပေါင်း ၆၂၆၆ ပေ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
လမ်းကြောင်း (၅) ကတော့ ရထားသံလမ်း (ကျွန်းရွှေဝါလမ်းထိပ်) မှ ခုတင် ၃၀၀ ဆေးရုံမီးပွိုင့်အထိ ပေ ၂၀၄၅ ပေ ဖြစ်ပြီး လမ်းကြောင်း (၆) ကတော့ မီးပွိုင့်မှ စစ်သင်္ချိုင်းလမ်းဆုံအထိ ပေပေါင်း ၂၅၁၃ ပေရှိမှာဖြစ်တယ်လို့ သိရပါတယ်။
လမ်းကြောင်း (၇) ကတော့ စစ်သင်္ချိုင်းလမ်းဆုံမှ စစ်သင်္ချိုင်းအုတ်တံတိုင်းအထိ ပေပေါင်း ၄၁၀၀ ပေ ရှိမှာဖြစ်ပြီး လမ်းကြောင်း (၈) ကတော့ စစ်သင်္ချိုင်းအုတ်တံတိုင်းမှ ဝင်ပေါက်ပန်းခုံအထိ ပေ ၅၁၅၀ ရှိမှာဖြစ်ကာ အဆိုပါ လမ်းကြောင်းတွေ အားလုံးကို လုံခြုံရေးအင်အား အပြည့်ချထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ ဈာပနအတွက် မြန်မာနိုင်ငံရှိ ပြည်ပသံရုံးတွေ၊ ကောင်စစ်ရုံးတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးမှုအတွက် ဝမ်းနည်း ကြေကွဲကြောင်းကို နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဝန်ကြီးဌာနတွေ၊ ကော်မရှင်တွေ၊ အဖွဲ့အစည်းတွေအပြင် နလအဥက္ကဋ္ဌရဲ့ မိသားစုဝင်တွေကလည်း ကြေညာခဲ့ကြသလို နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ ဦးအေးနေဝင်းကလည်း ဝမ်းနည်းကြောင်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒါအပြင် အစိုးရအနေနဲ့ ယာယီသမ္မတ သေဆုံးမှုအတွက် ဩဂုတ် ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ငါးရက်တာ ဝမ်းနည်းမှု အထိမ်းအမှတ်ကာလ သတ်မှတ်ထားပြီး ဌာနဆိုင်ရာတွေကို နိုင်ငံတော်အလံ တိုင်တဝက် လွှင့်ထူထားဖို့ကိုလည်း ကြေညာခဲ့ပါတယ်။
အသက် (၇၅) နှစ် ရှိပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ လှုပ်ရှားရာမှာ တုန့်နှေးခြင်း၊ အစာ အာဟာရ စားသုံးနိုင်မှု နည်းပါးခြင်း၊ ပါကင်ဆန် အာရုံကြော အားနည်းခြင်း စတဲ့ ရောဂါတွေကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ဩဂုတ် ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Photo – MOI
