သံတောင်ကြီး မြေပြိုမှုမှာ သေဆုံး ၁၃ ယောက်ရှိလာပြီး ပျောက်ဆုံး ၁၁ ယောက်ထက်မနည်းရှိ၊ စားနပ် ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်

ဩဂုတ် ၁၀ ၊ ၂၀၂၅
GG (VOM)
ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၁၃ ယောက်အထိရှိလာသလို ပျောက်ဆုံးသူ ၁၁ ယောက်ထက်မနည်းရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေပြိုမှုကြောင့် သံတောင်ကြီးဒေသရှိ ထီးပူခီးအောက်ရွာမှာ တရွာလုံးနီးပါး မြေပြိုဒဏ်ခံစားခဲ့ရတဲ့အတွက် လက်ရှိမှာ ယာယီတဲထိုးပြီးနေထိုင်နေရကြောင်း ၊ ရွာနဲ့ သံတောင်ကြီးကိုသွားလာနိုင်တဲ့ လမ်းပိုင်းလည်း ပျက်စီးသွားတာကြောင့် ဆိုင်ကယ်​တောင် သွားလာလို့မရတော့လို့ စားနပ်ရိက္ခာအပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
နောက်ပြီး မဲဖြူတိုက်နယ်ရှိ ကျေးရွာတွေနဲ့ သံတောင်ကြီးမြို့ကိုသွားလာနိုင်တဲ့ လမ်းတံတားတွေပျက်စီးသွားတာကြောင့် ပြင်ဆင်နေပြီး အစရှိတဲ့ ကျေးရွာအချို့မှာလည်း လမ်းတွေမြေပြိုပြီးပျက်စီးမှုတွေရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။
” လမ်းတွေ ၊တံတားတွေ ပျက်စီးတာတော်တော်များတယ်။ ပြန်ပြင်ဖို့က အချိန်ပေးရမယ်။တလလောက်ကြာနိုင်တယ်။ မြေပြိုမှုကတော်တော်လေးကို ဆိုးဆိုးရွားရွားခံခဲ့ရတာပါ။
နောက်ထပ် ထပ်တိုးလာတဲ့ သေဆုံးနှစ်ယောက်က ပျောက်ဆုံးတဲ့အထဲကပါ။ လက်ရှိသိရသလောက် ပျောက်ဆုံး ၁၁ ယောက်ရှိတယ်။ ဒီထက်လည်းပိုနိုင်ပါတယ်။ အကူအညီတွေကတော့လိုနေတယ်။စိုက်ခင်းတွေအကုန်ပျက်စီးကုန်တော့ ငွေကြေးလည်းလိုတယ်။ပြန်လည်ထူထောင်ရေးအတွက်လိုတာပေါ့။” လို့ ကူညီရေးဆောင်ရွက်နေတဲ့ ခရစ်ယာန် တရား​ဟောဆရာ ကပြောပါတယ်။
သံတောင်ကြီးမြေပြိုမှုဖြစ်စဥ်မှာ မြို့ပေါ် ရပ်ကွက် နဲ့ ကျေးရွာတွေရှိ နေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ၊ မြေပြိုမှုကြောင့်နဲ့ ကယ်ဆယ်ရေးလုပ်ရင်း ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ဒဏ်ရာရသူအချို့မှာဆေးကုသမှုခံယူနေရဆဲဖြစ် တယ်လို့သိရပါတယ်။
မြေပြိုမှုကြောင့် သေဆုံးရသူတွေထဲမှာတော့ မြို့ပေါ်ရပ်ကွက် ၁ မှ မိသားစုလိုက် အိပ်ပျော်နေချိန် မြေပြိုပြီး သစ်ပင်လဲကျလို့ လေးယောက်လုံးသေဆုံးမှုပါဝင်ခဲ့ပြီး ကျန်သူတွေက​တော့ ရေစီးနဲ့မျောပါသူ၊ ဥယျာဥ်ခြံမြေအတွင်း နေထိုင်စဥ်မြေပိပြီးသေဆုံးကြတာဖြစ်တယ်လို့သိရပါတယ်။
မြေပြိုမှုဒဏ်ကြောင့် ဥယျာဥ်ခြံဧကတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပျက်စီးမှုများတဲ့သီးနှံတွေက ကော်ဖီ၊ ကွမ်းသီးပင်၊ ဒူးရင်း ၊ ဖာလာ ၊ လက်ဖက် သီးနှံစိုက်ခင်းတွေ ဖြစ်ကြောင်းနဲ့ စိုက်ခင်းတွေ ဧကအများအပြား ပျက်စီးသွားတဲ့အတွက် ဒေသခံတွေမှာ ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။
” သံတောင်ကြီးက စီးပွားရေးက အဓိကစိုက်ပျိုးရေးလုပ်ကြတာ။ ရှေ့လဆို ဖာလာတွေခူးကြတော့မှာ။အခုဥယျာဥ်ခြံမြေတွေ တော်တော်များများပျက်စီးကုန်တယ်။ မြေပြိုကျပြီး မြေကြီးတွေ ဖုံးသွားတာ။ ဒါကြောင့် ဒေသခံတွေ အခက်တွေ့ နေကြတယ်။ ပျက်စီးမှုများပါတယ်။ အကူအညီကရတော့ရတယ်။ မိုးကာတို့ ၊စောင် ၊ခြင်ထောင်တို့များတယ်။ ရေကတော့ မြေပြိုတော့ရေတွင်းတချို့ပိတ်သွားတာရှိတယ်။တချို့လည်းရသေးတယ်။ ရေတွင်းမရှိတဲ့သူက မိုးရေခံသောက်ကြတယ်။ ” လို့ ခရစ်ယာန်ဓမ္မဆရာက ထပ်မံပြောပါတယ်။
သံတောင်ကြီးမြို့ပေါ်နဲ့တောင်ပေါ်ရွာတွေဘက်မှာ မိုးရွာသွန်းမှုများပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၄ ရက်နေ့မှ ဩဂုတ် ၈ ရက်နေ့အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ယခုမြေပြိုမှုဖြစ်စဥ်က သံတောင်ကြီးဒေသမှာ ယခင်ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်စဥ်တွေကထက် ပိုပြီး ထိခိုက်ပျက်စီးလူသေမှုများတဲ့ ဆိုးရွားတဲ့မြေပြိုမှုဖြစ်တယ်လို့ သိရပါတယ်။
အရင်လ ဇူလိုင် ၂၈ ရက်နေ့တုန်းကလည်း တောင်ကျရေကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဥယျာဥ်ခြံဧက ထောင်နဲ့ချီပျက်စီးခဲ့သလို လမ်းတွေပျက်စီးပြီး နေအိမ်အချို့ပါ ပျက်စီးမှုရှိခဲ့ပေမယ့် လူသေဆုံးမှုတော့မရှိခဲ့ဘူးလို့ တယ်လို့သိရပါတယ်။
ဓာတ်ပုံ – GHKTC

Related posts

Leave a Comment

VOM News

FREE
VIEW