ဩဂုတ် ၁၇ ၊ ၂၀၂၅
GG(VOM)
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဒီနေ့ တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကနဦးသတင်းအရသိရပါတယ်။
ဒီနေ့ ဩဂုတ် ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာက မော်ချီးဒေသ၊ လိုခါးလိုရွာရှိဆေးရုံပေါ်ကို ပထမကြိမ် လေကြောင်းဗုံးကြဲခံရပြီး နေ့လယ် ၁၂ နာရီလောက်မှာ မော်ချီးဒေသ၊ ၁၆ ကုန်းကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ဒုတိယအကြိမ်ကြဲခံရတာမှာ လက်ရှိ အလောင်း ၁၇ လောင်းရထားတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ဒုတိယကြဲခံရတာက မော်ချီး ၁၆ ကုန်း ခြင်းကွင်းစားသောက်ဆိုင် ၊မူကြိုကျောင်းနားတဝိုက်ကြဲသွားတာပါ။ ပထမအကြိမ်က လိုခါးလိုဆေးရုံပေါ်ကျပါတယ်။ ထိခိုက်ဒဏ်ရာရသူနှစ်ယောက်ရှိတယ်။ ဆေးရုံကတော့ တည့်တည့်ကျလို့ ပျက်စီးသွားတယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။
မော်ချီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လိုခါးလိုရွာက ပြည်သူ့ဆေးရုံရှိ အမျိုးသမီးဆောင်၊ မီးဖွားဆောင် အပါအဝင် လူနာဆောင်အဆောက်အဦအားလုံးပျက်စီးခဲ့သလို နေအိမ်အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှုများခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၁၅ ရက် နဲ့ ဇူလိုင် ၁၄ ရက်နေ့တုန်းကလည်း မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ခြောက်ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက် ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ ဇူလိုင် ၉ ရက်နေ့ ညကလည်း မော်ချီးဒေသရှိ လိုလော်ထီးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူငါးယောက်သေဆုံးကာ နောက်ထပ် ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၂၅ ရက်ကလည်း ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်အထိရှိခဲ့ တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
