ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

ဝါရှင်တန်၊ ဩဂုတ်-၁၆-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာမရရှိဘဲ ပြီးဆုံးသွားပါတယ်။
အဲဒီအစည်းအဝေးအပြီးမှာ မီဒီယာတွေကို သူတို့နှစ်ဦးက အချိန်ခဏသာ ရှင်းလင်းပြောကြားခဲ့ပြီး အချို့အကြောင်းအရာတွေမှာ တိုးတက်မှုရှိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
သုံးနာကြီးကြာ အစည်းအဝေးပြီးနောက် သာမန်အချိန်တွေမှာ စကားများများ ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ကလည်း သတင်းထောက်တွေရဲ့မေးခွန်းတွေကို လျစ်လျူရှုခဲ့ပါတယ်။
“ကျွန်တော်တို့သဘောတူညီတဲ့ အချက်တွေအများကြီးရှိခဲ့ပါတယ်။ အဓိကကိစ္စတွေ မပြီးမြောက်သေးပေမယ့် တိုးတက်မှုတော့ရှိခဲ့ပါတယ်” လို့ ထရန့်ကပြောပါတယ်။ “စာချုပ်မချုပ်မချင်း သဘောတူညီချက် ဘာမှမရှိဘူး” လို့လည်း သူကထပ်ပြောပါတယ်။
ဥရောပမှာ နှစ်၈၀အတွင်း အသေအပျောက်အများဆုံးဖြစ်တဲ့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လင်စကီးတို့ကြား နောက်ထပ်တွေ့ဆုံမှုခုဖြစ်ဖို့ ဘယ်လို အရေးပါတဲ့ သဘောတူညီချက်မှ ထွက်မလာခဲ့ပါဘူး။
ပူတင်ကတော့ ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေ အမေရိကန်-ရုရှားညှိနှိုင်းမှုရလဒ်တွေကို လက်ခံပြီး ပေါ်ထွက်လာနေတဲ့တိုးတက်မှုတွေကို ဖျက်ဆီးဖို့မကြိုးစားဘူး လို့မျှော်လင့်ထားကြောင်း ပြောပါတယ်။
” ဒီကနေ့ တွေ့ဆုံမှုဟာ ယူကရိန်းပြဿနာကိုဖြေရှင်းဖို့အတွက်သာမက ရုရှားနဲ့အမေရိကန်ကြား လက်တွေ့ကျတဲ့ စီးပွားရေး ဆက်ဆံမှု ပြန်လည်တည်ဆောက်ဖို့အတွက်ပါ အခြေခံတခုဖြစ်လာဖို့ မျှော်လင့်တယ်” လို့ ပူတင်ကဆိုပါတယ်။
ဒါအပြင် ပူတင်က ရုရှားရဲ့အချိန်ကြာမြင့် ရပ်တည်ချက်သဘောထားကိုလည်း ထပ်မံပြောကြားခဲ့ပြီး ရုရှားက ဒီပဋိပက္ခရဲ့ အရင်းအမြစ်အကြောင်းရင်းတွေလို့ ယူဆတဲ့အကြောင်းရင်းတွေကို ဖယ်ရှားမှသာ ရေရှည်ငြိမ်းချမ်းရေးရနိုင်မယ်လို့ ဆိုပါတယ်။
ဒါဟာ အပစ်ရပ်ရေးကို ဆန့်ကျင်နေဆဲဖြစ်တယ်ဆိုတဲ့အချက်ကို ဖော်ပြနေတဲ့ သဘောလို့ အကဲခတ်တွေက ဆိုပါတယ်။ သူတို့နှစ်ယောက် ထိပ်သီးဆွေးနွေးနေချိန်မှာပဲ စစ်ပွဲဟာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းဒေသအများစုမှာ လေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေရှိနေခဲ့ပါတယ်။
ရုရှားရဲ့ရိုစတော့နဲ့ဘရီယန်းစ်ဒေသအုပ်ချုပ်ရေးမှူးတွေကလည် သူတို့ရဲ့နယ်မြေအချို့ကို ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုခံနေရတယ်လို့ ဆိုပါတယ်။
ဇီလန်စကီးကတော့ ယူကရိန်းနယ်မြေတွေကို တရားဝင်လက်လွှတ်ပေးဖို့ ငြင်းဆန်ထားပြီး အမေရိကန်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ လုံခြုံရေးအာမခံချက်တခုကိုလည်း ရှာဖွေနေပါတယ်။ ထရန့်ကတော့ ပူတင်နဲ့ဆွေးနွေးပွဲအကြောင်းကို ဇီလန်စကီးနဲ့ နေတိုးခေါင်းဆောင်တွေကို အသိပေးသွားမယ်လို့ ပြောပါတယ်။
ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီး ဂျန်လီပါဗ်စကီးကတော့ စစ်ပွဲအဆုံးသတ်ရေး ဒေါ်နယ်ထရန့်ရဲ့ ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ဆိုထားပေမယ့် ပသဘောတူညီမှုရဖို့ ပူတင်ရဲ့ စိတ်ဝင်စားမှုကိုတော့ သံသယရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:CAN
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW