ဩဂုတ် ၂၅၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ် ထဲက နောင်ပိန်လမ်းခွဲ အပါအဝင် အနီးနားရွာ တွေမှာ လက်ရှိအထိ စစ်ကြောင်းဆိုင်ထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောင်ပိန်လမ်းခွဲ၊ ပင်တီး၊ ဇီးပင်စခန်း၊ ပင်တိန် မရသေးပါဘူး။ အဲမှာ စစ်ကြောင်းတွေဆိုင်ထားတာပဲ ရှိသေးတယ်။ အခုကတော့ သူတို့ကတော့ ဖောက်တော့ ဖောက်ထွက်နေတာပဲ သူတို့။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လုံကြိမခရွာမှာ လက်နက်ကြီးကျတယ်လို့ သိရပြီး လူနှစ်ယောက် သေဆုံးကာ အယောက် ၅၀ လောက် ပိတ်မိနေတယ် သိရတယ်လို့ သူက ပြောပါတယ်။
“အဲမှာ နှစ်ယောက် သေသွားတယ်။ အယောက် ၅၀ လောက် ပိတ်မိတယ် ဆိုပြီးတော့ အကူအညီ လာတောင်းတယ်။ ပေးမှ မဝင်ပဲ။ ဘယ်အဖွဲ့ကမှ ပေး မဝင်ပဲ။ ဝင်လို့ မရဘူးလေ။ ဝင်လို့ မရတဲ့ အချိန်ကျတော့ ဒီတိုင်းပဲ ပစ်ထားခဲ့ရတာပေါ့။” လို့ သူက ရှင်းပြပါတယ်။
စစ်မြေပြင် ဖြစ်သွားတာကြောင်ဘ သွားကောက် ကူညီ ကယ်ဆယ်လို့လည်း မရတော့ဘူးလို့ ဆိုပါတယ်။
“ဂုတ်ထိပ်ကို ချိုးလိုက်တာက တော်တော်မှားသွားတယ်။ တံတားချိုးပြီးတော့။ ကျနော်တို့ တမြန်မနေ့ည ကတည်းက မနေ့က တမနက်လုံးငြိမ်နေတာ။ အဲ တံတားလည်း ချိုးပြီးရော စချတော့တာပဲ။ မနေ့က တညလုံး ချတယ်လို့ ပြောတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်လာတာကြောင့် ကျန်ခဲ့တဲ့ဒေသခံတွေအတွက်ပဲ စိတ်ပူရတာလို့ သူက ပြောပါတယ်။
ဂုတ်ထိပ်ကို ချိုးလိုက်တာကို နအလ တပ်ဘက်က တော်တော် ကြီးကြီးမားမားကြီး တုံ့ပြန်မယ့် သဘောရှိတယ်လို့ သူက ပြောပါတယ်။
စစ်တပ်ထောက်ခံ အင်အားစုတွေရဲ့ လူမှုကွန်ယက်တွေမှာတော့ နအလ စစ်ကြောင်းတွေဟာ ကျောက်မဲမြို့နဲ့ ၁၆ မိုင်လောက်အကွာမှာရှိတဲ့ အဓိက လမ်းဆုံလမ်းခွ နောင်ပိန်လမ်းခွဲ အပါအဝင် ပင်တိန်၊ ပင်တီး၊ ဇီးပင်စခန်း တို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ကြောင်း ရေးသားထားကြပါတယ်။
ဒါ့အပြင် ယမန်နေ့ည ၇ နာရီလောက်မှာဘဲ မိုးကုတ်မြို့ကို သွားတဲ့ကားလမ်းဘေးက အဓိက နေရာတခုဖြစ်တဲ့ ရတနာသိင်္ဂီသတ္တုတွင်း နယ်မြေကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့လည်း ဖော်ပြထားပါတယ်။
