လျှော့ဈေးနဲ့ ဓာတ်မြေဩဇာတွေ ရောင်းချပေမယ့် တောင်သူတွေ ပြင်ပပေါက်ဈေးနီးပါးပေးပြီး ဝယ်ယူနေရ

ဩဂုတ် ၂၆ – ၂၀၂၅
SS (VOM)
လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ဓာတ်မြေဩဇာတွေကို အာဏာပိုင်တွေက ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေပေမယ့် လက်တွေ့မှာတော့ ပြင်ပပေါက်ဈေးနီးပါး ဈေးပေး ဝယ်ယူနေရသလို ခွဲတမ်းရရှိမှုလည်း မလုံလောက်တဲ့အတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
လက်ရှိ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မြန်မာ့ဩဘာတံဆိပ် ဓာတ်မြေဩဇာတွေကို အစိုးရက ကျေးရွာအလိုက် သက်ဆိုင်ရာ ရုံးတွေကတဆင့် ရောင်းချပေးနေတာဖြစ်ပြီး တအိတ်ကို စုစုပေါင်း ကိုးသောင်းရှစ်ထောင်ပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
“အပြင်ပေါက်ဈေးက တသိန်းဝန်းကျင် ရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ သွားဝယ်ရင် မြေဩဇာ တအိတ်ကို ကိုးသောင်းငါးထောင်ကျပ် ပေးရတယ်။ မှတ်ပုံတင် ယူသွားရတယ်။ စာရင်း ရေးခ၊ မှတ်ခဆိုပြီး ကျပ် ၃၀၀၀ ထပ်တောင်းတယ်။ အဲဒီတော့ မြေဩဇာ တအိတ်ဝယ်ရင် စုစုပေါင်း ကိုးသောင်းရှစ်ထောင် ကုန်ကျတယ်။ အပြင်ဈေးနဲ့ ဘာမှမကွာဘူး” လို့ လယ်ဝေးမြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။
လက်ရှိ လယ်ဝေးမြို့ရဲ့ ပြင်ပဈေးကွက်မှာတော့ မြေဩဇာ တအိတ် ပေါက်ဈေးဟာ အမျိုးအစားအလိုက် တအိတ်ကို ရှစ်သောင်းကျပ်၊ ကိုးသောင်းကျပ်၊ ကိုးသောင်း သုံးထောင်ကျပ်ဝန်းကျင်၊ ကျပ် တသိန်းဝန်းကျင် ရှိနေတာဖြစ်ပြီး ယူရီးယား ဓာတ်မြေဩဇာကတော့ တအိတ်ကို တသိန်း သုံးထောင်ကျော်ဝန်းကျင် ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်မတို့ကတော့ အပြင်ဈေးနဲ့ ဘာမှမထူးဘူးဆိုပြီး ရုံးက မဝယ်ဘဲ အပြင်ကပဲ ဝယ်လိုက်တော့တယ်။ သူတို့ ရောင်းပေးတာကတော့ စပါးရိတ်ပြီးမှပေးပေါ့။ အကြွေးစနစ်နဲ့ ရောင်းပေးတာ။ အကြွေးပေးလို့ အတိုးတင်ထားတဲ့ သဘော။ အဲဒါကြောင့် ဘာမှမထူးပါဘူး။ ဒါပေမယ့် အကြွေးနဲ့ဆိုတော့ ဝယ်တဲ့လူတွေလည်း ဝယ်ကြတယ်။ ပြီးတော့ ဒီမှာက ခွဲတမ်းနဲ့ ရောင်းပေးတာ မဟုတ်ဘူး။ လိုချင်သလောက် ဝယ်လို့ရတယ်ဆိုတော့ မရလိုက်တဲ့သူတွေရှိတယ်” လို့ သူက ပြောပါတယ်။
အခုလို လျှော့ဈေးနဲ့ ဓာတ်မြေဩဇာတွေ ရောင်းချပေးနေတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်က လယ်သမားတွေကတော့ ဓာတ်မြေဩဇာတွေကို ခွဲတမ်းနဲ့ ဝယ်ယူနေရတာ ဖြစ်တယ်လို့ သိရပြီး လယ် ၅ ဧကစာအတွက် ဓာတ်မြေဩဇာ တအိတ်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။
ကျောက်တန်းမြို့နယ်မှာ ယူရီးယား ဓာတ်မြေဩဇာတွေကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေကတဆင့် ရောင်းချပေးနေတာဖြစ်ပြီး ဈေးနှုန်းကတော့ ကျပ် ခြောက်သောင်းခွဲကနေ ခုနစ်သောင်းဝန်းကျင်အထိ ရှိတယ်လို့ ကျောက်တန်းမြို့နယ်က လယ်သမား‌တယောက်က ပြောပါတယ်။
“သူတို့ ရောင်း‌ပေးတာက ၅ ဧကစာအတွက်ပဲ ရတာ။ ၅ ဧကကျော်ရင် မရဘူး။ အဲဒီ ၅ ဧကအတွက်ကိုမှ တအိတ်ပဲရတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ကျွန်တော်က လယ် ၇ ဧကကို အနည်းဆုံး နှစ်ခါကြဲတော့ ငါးအိတ်၊ ခြောက်အိတ်လောက်တော့ ကုန်တာပဲလေ။ အဲဒီတော့ အပြင်ကနေ ထပ်ဝယ်ရတာပဲ။ ဘာမှမထူးဘူး” လို့ သူက ပြောပါတယ်။
ကျောက်တန်းမြို့နယ်မှာ ယူရီးယား ဓာတ်မြေဩဇာ တအိတ် ပြင်ပပေါက်ဈေး ကျပ် တသိန်းခွဲ၊ တသိန်းခုနစ်ထောင်၊ တသိန်းတသောင်းနဲ့ တသိန်းလေးသောင်းအထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တာဝန်ရှိသူတွေက တောင်သူတွေ အဓိက လိုအပ်လျက်ရှိတဲ့ ဓာတ်မြေဩဇာတွေကို ရောင်းချပေးလျက်ရှိတာမှာ အခု ဩဂုတ်လမှာလည်း ယူရီးယား ဓာတ်မြေဩဇာနဲ့ ၁၅ ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာတွေကို ထပ်မံ ရောင်းချပေးသွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ဓာတ်မြေဩဇာတွေကို စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်နဲ့ ယူရီးယားဓာတ်မြေဩဇာ တင်သွင်းဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတို့ ပူးပေါင်းမှုနဲ့ ဈေးကွက်ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်းအောက် လျှော့ချပြီး တောင်သူလက်ဝယ်အရောက် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အထက်က လူကြီးတွေကတော့ လျှော့ဈေးနဲ့ ရောင်းပေးမယ် ပြောတာပဲ။ ဒါပေမယ့် အောက်ခြေက မြေစာရင်းနဲ့ မြေတိုင်းတွေက လက်ဝယ်ပိုက်ပြီး စျေးတင် ပြန်ရောင်းနေကြတာ။ လူကြီးတွေ ဘယ်လောက်ပဲ ဈေးလျှော့မယ် ပြောပြော မထိရောက်ပါဘူး။ ကိုယ်တွေ့ပါ။ နောက်ဆုံးတော့ တောင်သူတွေသာ မွဲပြီးရင်း မွဲနေတာ။ အညာမှာဆို မြေတိုင်းက လူက လယ်ပိုင်ပြီး တောင်သူက ကူလီပြန်ဖြစ်နေတာ” လို့ လယ်သမားတယောက်က ပြောပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ လက်ရှိမှာ တောင်သူလယ်သမားတွေ အဆင်ပြေစေဖို့အတွက် ဘယ်လိုပင် ကြိုးစား လုပ်ဆောင်နေတယ် ဆိုသော်ငြားလည်း လက်တွေ့မှာတော့ မည်သို့မျှ အကျိုးသက်ရောက်မှု ရှိမနေတဲ့အတွက် ဌာနဆိုင်ရာအဆင့်ဆင့် သေချာ ကြပ်မတ်ပေးစေလိုပြီး တောင်သူတွေရဲ့အသံကို ကြားနိုင်ဖို့ မြေပြင်အထိ ကွင်းဆင်း ဆောင်ရွက်မှုတွေ ပြုလုပ်ပေးစေချင်လို့ လယ်သမားတွေက ပြောပါတယ်။
Photo – CJ
VOM Telegram Channel: htt

Related posts

Leave a Comment

VOM News

FREE
VIEW