အောက်တိုဘာ ၈ ၊၂၀၂၅
GG (VOM)
ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့တဲ့ ကျူးလွန်သူနဲ့ အလောင်းဖျောက်ဖို့ကူညီခဲ့သူတို့ နှစ်ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။
လူသတ်မှု ကျူးလွန်သူကို သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး အလောင်းဖျောက်ဖို့ကူညီသူကတော့ ကျူးလွန်သူရဲ့ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာမှ အသက် ၁၈ နှစ်အရွယ် အေမွန်အောင် တို့ဖြစ်တယ်လို့သိရပါတယ်။
ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့တဲ့ အဝတ်အစား၊ စတီးဓား နှစ်ချောင်း၊ သေဆုံးသူ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတလုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်က ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေ အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့မှာ LEADER အမည်ရှိ Telegram Channel မှတဆင့် မစုမြတ်ဝင်းအား ပျော်ပါးဖို့အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)မှာ ပျော်ပါးနေစဉ် သူကြည့်ရှုခဲ့တဲ့ လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲမှ ဇာတ်ဆောင်တွေ အတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားတဲ့ စတီးဓားနှစ်ချောင်းနဲ့ ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာနဲ့ ဝဲဘက်ပေါင်အသားကို လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ လူသတ်မှုကျူးလွန်သူက သူရဲ့ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်ကို ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေတဲ့ သွေးတွေကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်းရဲ့အလောင်းကို ဖျောက်ဖျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” မနေ့ကဖမ်းလိုက်တယ်လို့တော့သိရတယ်။ လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန်သတ်တယ်ဆိုတာ ကျွန်တော်ကတော့လက်မခံဘူး။လုပ်ချင်တာလုပ်ပြီးမှစိတ္တဇဆိုပြီးပြောလို့မရဘူး။ဟိုတယ်မှာCCTV လည်းရှိနေတာပဲ။အလောင်းကလည်း ဖြစ်တဲ့နေ့မှသတ်ခံရတာမဟုတ်ဘူး။သတ်ပြီးကြာမှသိကြတာ။ဟိုတယ်အဝင်အထွက်တွေလည်းအကုန်သိတယ်။သတ်တဲ့သူက အသေချာကိုလုပ်သွားတာ။ကောင်မလေးနဲ့ပတ်သက်တဲ့ပစ္စည်းဘာမှမကျန်ဘူး။ကောင်မလေးက မှတ်ပုံတင်လည်းမရှိဘူး။ဟိုတယ်မှာ အမြဲဝင်ထွက်နေတယ်လို့တော့သိရတယ်။” လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
လက်ရှိမှာ လူသတ်မှုကျူးလွန်းသူနဲ့ အလောင်းဖျောက်သူကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိတဲ့အခြေအနေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ VOM မှ ပန်းဘဲတန်း ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။
လူသတ်မှုကို အောက်တိုဘာလ ၆ ရက်နေ့မနက်ပိုင်းမှာမှ သိရှိခဲ့ရတာဖြစ်ပြီး ကျူးလွန်သူဟာ အမျိုးသမီးကို ဓားနဲ့အပိုင်းပိုင်းခုတ်ဖြတ်သတ်ပြီး Beauty Land Hotel ရှိ အခန်း ၅၀၂ ရဲ့ အခန်းအပြင်ဘက်ရှိ လေအေးပေးစက်တွေတင်တဲ့ စင်ပေါ်မှာ အမျိုးသမီး အလောင်းကို ပလတ်စတစ်အိတ်အပြာနဲ့ထုတ်ပြီး စွန့်ပစ်ထားတာဖြစ်ပါတယ်။
အသတ်ခံရတဲ့ ကောင်မလေးကတော့ ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာတခုကဖြစ်ပြီး ရန်ကုန်မှာအလုပ်လာရောက်လုပ်ကိုင်နေစဥ် ယခုလိုသတ်ဖြတ်ခံရတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။
ဓာတ်ပုံ – Cj
