အောက်တိုဘာ ၂၈ ၊ ၂၀၂၅
GG (VOM)
မကြာမီ ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ စတင်တဲ့ဒီနေ့မှာ နိုင်ငံရေးပါတီအချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဥ်တွေကို စတင်ပြုလုပ်နေကြပြီဖြစ်တယ်လို့ နိုင်ငံရေးပါတီအချို့ ဆီက သိရပါတယ်။
လက်ရှိရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေထဲက အင်အားအများဆုံးနဲ့ရပ်တည်နေတဲ့ USDP ပါတီကတော့ ဒီနေ့မနက်ပိုင်းကစပြီး နေပြည်တော်ရှိ ပါတီဌာနချုပ်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်းအနားကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
” ပါတီဌာနချုပ်အပါအဝင် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ ခရိုင်မြို့နယ်အားလုံးမှာ ဆိုင်းဘုတ်တင်အခမ်းအနားကို “ပိုမိုခိုင်မာ ပြည်မြန်မာ “ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို ဒီနေ့မနက်မှာ တပြိုက်နက်တည်း အုံနဲ့ကျင်းနဲ့စိုက်ထူပါတယ်။နောက်နေ့မှာ သက်ဆိုင်ရာမြို့နယ်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ဘေဘုတ်တွေကို စိုက်ထူကြမယ်။ခွင့်ပြုမိန့်တင်ရတယ်။” လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ် ။
ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ခြင်း ၊ကိုယ်စားလှယ်လောင်းတွေရဲ့ဆိုင်းဘုတ်တင်ခြင်း လုပ်ငန်းစဥ်တွေပြီးဆုံးပါက မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေ အတွက် သက်ဆိုင်ရာနယ်အလိုက်မှာ ခွင့်ပြုမိန့်တွေတင်ပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
အခုလို ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ဖို့အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ နဲ့ အုပ်ချုပ်ရေးဌာန၊ စည်ပင်ဌာနကို ခွင့်ပြုမိန့်စာတင်ပြီးမှလုပ်ဆောင်ရတာဖြစ်သလို မဲဆွယ်စည်းရုံးရေးဟောပြောပွဲပြုလုပ်ဖို့ အတွက်လည်း ရဲတပ်ဖွဲ့ကို ခွင့်ပြုမိန့်တင်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှ ဒုတိယဥက္ကဋ္ဌ ( ၂) ဖြစ်သူ ဦးစောဟန်အေးက ” ရန်ကုန်မှာတော့ မြို့နယ်အလိုက်စည်ပင်ကို ငွေသွင်းတာစလုပ်နေပြီ။ အခုမှခွင့်ပြုမိန့် ချပေးတာ။တင်ထားတာက ကြာပြီ။ဒီနေ့မှငွေသွင်းမိန့်ချပေးတာ။ ရန်ကုန်ကတော့ မနက်ဖန် ၊ သန်ဘက်ခါဆို ဆိုင်းဘုတ်စတင်မယ်။ ဧရာဝတီဘက်မှာတော့ ဆိုင်းဘုတ်တင်နေပါပြီ။လုပ်တဲ့နေရာလုပ်နေပါပြီ။နယ်မြေမအေးချမ်းတဲ့ ဘက်တွေကတော့ ဆိုရှယ်မီဒီယာကပဲ လုပ်လို့ရမယ်။သွားလို့မရတဲ့ကိစ္စကတော့ ဘယ်လိုမှစီစဥ်လို့မရဘူး။မြေပြင်ဆင်းရတဲ့နေရာ ဆင်းမယ်။ ဘုတ်ထောင်လို့ရတဲ့နေရာထောင်မယ်။ရတဲ့နည်းလမ်း သုံးပြီးလုပ်ရမှာပေါ့။ ” လို့ ပြောပါတယ်။
အချို့သော နိုင်ငံရေးပါတီတွေကတော့ မဲဆွယ်စည်းရုံးအတွက် ဆိုရှယ်မီဒီယာကနေတဆင့် ပါတီမိတ်ဆက်ခြင်း နဲ့ ကိုယ်စားလှယ်လောင်းတွေက မိမိကိုယ်ကို မိတ်ဆက်မှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။
ပြည်သူ့ပါတီ PP ကတော့ ဒီနေ့မှာ ရွေးကောက်ပွဲ ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာထားတာတွေ့ရပါတယ်။
မဲဆွယ်စည်းရုံးမှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီမှ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲကျော်စွာက ” ဆွေးနွေးဟောပြောပွဲတွေကတော့ရှိမယ်။ ပြည်သူ့ပါတီအနေနဲ့ အင်နဲ့အားနဲ့ စတင်မှာက ဒီနေ့မဟုတ်သေးဘူး။ မနက်ဖန်မှ စတင်မှာ ။ဒီနေ့က အွန်လိုင်းမီဒီယာကနေ ကိုယ့်ကိုယ်ကိုစတင်မိတ်ဆက်တဲ့ အခြေအနေပဲရှိတယ်။ ” လို့ ပြောပါတယ် ။
အလားတူ တိုင်းရင်းသားပါတီ အချို့ကလည်း မဲဆွယ်စည်းရုံရေးစတင်တဲ့ ဒီနေ့မှာ သက်ဆိုင်ရာနယ်မြေအလိုက် ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက ဆိုရှယ်မီဒီယာကနေတဆင့် မိမိကိုယ်ကို မိတ်ဆက်မှုတွေ ပြုလုပ်နေကြသလို ပါတီတချို့ကတော့ မဲဆွယ်စည်းရုံးဖို့ အစီအစဥ်တွေ စတင်ဖို့ရာ ခွင့်ပြုမိန့်တွေ တင်နေကြတယ်လို့သိရပါတယ်။
” မဲဆွယ်စည်းရုံးရေးအတွက် ဒီနေ့က ပြဿဒါးနေ့ဖြစ်လို့ ပါတီက ဘာမှမလုပ်သေးဘူး။ ဒါပေမယ့် ဆွေးနွေးညှိနိူင်းထားတာတို့ ရှိတယ်။ပြက္ခဒိန်ထုတ်တာတို့ စည်းရုံးဟောပြောဖို့ ခွင့်ပြုမိန့်တင်တာတို့ ၊ဆိုင်းဘုတ်ထောင်တာတို့အတွက် ခွင့်ပြုမိန့်တင်တာတွေ လိုက်လုပ်နေတယ်။ ” လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ် ။
မဲဆွယ်စည်းရုံးခွင့်ကာလကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီမှစပြီး လာမယ် ဒီဇင်ဘာ ၂၆ ရက်နေ့ ၊ ည ၁၂ နာရီထိ ရက် ပေါင်း ၆၀ ခွင့်ပြုပေးထားပြီး အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲအားလုံးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံး ခွင့်မရှိဘဲ ဟောပြောစည်းရုံးခြင်းနည်းလမ်းနဲ့သာ မဲဆွယ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အသိပေးထားပါတယ်။
ပါတွစုံအထွေထွေ ရွေးကောက်ပွဲကိုတော့ အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ အဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီ ၆ ပါတီရှိပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၉၆၁ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်း မဲဆွယ် စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆၆ ယောက်၊ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ယောက် စုစုပေါင်း ၅၀၂၃ ယောက် အမည်စာရင်းတင်သွင်းခဲ့ရာ အဲဒီထဲကမှ ကိုယ်စားလှယ်လောင်းတချို့ကို ပယ်ဖျက်မှုရှိခဲ့ပါတယ်။
